ညနေရုံးဆင်းလို့ လှည်းတန်းမှတ်တိုင်မှာ ကားစောင့်နေတုန်း ကားတစီးလာတာနဲ့ ကားပေါ်ပြေးတက်ခဲ့ပါတယ်။ ကားက အရမ်း ချောင်နေပြီး နေရာရတော့ ပျော်တာပေါ့။ ရန်ကုန်မှာ လိုင်းကားတိုးစီးပြီး အလုပ် လုပ်နေတဲ့သူတိုင်း အဲ့ဒီလို ကားချောင်ချောင်လေးကို နေရာရပြီး စီးရတဲ့ ခံစားမှုမျိုးကို ကြိုက်ကြမှာပါ။
ကားပေါ်ရောက်တော့မှ ကျမ သတိထားမိလိုက်တာက ကျမ စီးမိတဲ့ကားက အမျိုးသမီးသီးသန့်ကား ဖြစ်နေတယ်။ ဒီကားပြေးဆွဲနေတာ တလနီးပါးလောက် ရှိနေပြီ။ ကျမတခါမှ မစီးဖူးသေးပါ။အခု ပထမဆုံးအကြိမ် စတင် စီးခြင်းဖြစ်ပါတယ်။ လှည်းတန်းကနေ မောင်းလာပြီး ဆင်ရေတွင်း မှတ်တိုင်ရောက်တော့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ လူငယ်တသိုက်က ဝေး….ဆိုပြီး ထအော်ကာ ကားကို လက်ညှိုး ထိုးပြနေကြပါတယ်။ ကျမလည်း သူတို့ ဘာပြောတယ် ဆိုတာကိုတော့ မသိပေမယ့် သူတို့ အော်သံကိုတော့ သတိထားမိသွားပါတယ်။
တခါ ဆင်ရေတွင်းမှတ်တိုင်ကို ကျော်ပြီး သံလမ်းရောက်တော့ ကားပေါ်ကို ဆံပင်ချထားတဲ့ အမျိုးသမီးလို့ ထင်ရတဲ့ လူ တယောက် ပြေးတက်လာပါတယ်။ ထိုသူနေရာမှာ ထိုင်ခါနီး ကားစပယ်ယာက ဒါ အမျိုးသမီး သီးသန့်ကားလို့ ပြောလိုက်တဲ့အတွက် သူခမျာ ရှက်ရှက်နဲ့ ကားပေါ်ကနေ ပြန်ဆင်းသွားပါတယ်။ ကျမ လှမ်းကြည့်လိုက်တော့ အမျိုးသမီးလို့ ထင်ရတဲ့ (Gay) ဖြစ်နေတာကို တွေ့ရပါတယ်။
တခါ ဘာတာနားရောက်တော့ ကားပေါ်ကို အမျိုးသမီး ၁ယောက်နဲ့ အမျိုးသား ၁ ယောက် တက်လာပါတယ်။ ကားစပယ်ယာက ထိုအမျိုးသားကို ကားပေါ်မှ ဆွဲမချပါ။ ကျမလည်း စိတ်ဝင်စားတာနဲ့ သေချာကြည့်လိုက်တော့ အမျိုးသားလို့ ထင်ရတဲ့ (lesbian) ဖြစ်နေတာကို သတိထားမိပါတယ်။ သမိုင်းလမ်းဆုံရောက်ခါနီး ၁ မှတ်တိုင်အလို ဘုရားလမ်း မှတ်တိုင်ရောက်တော့ ချစ်သူစုံတွဲ တတွဲ ကားပေါ်ကို တက်မယ်အပြုမှာ ကားစပယ်ယာက အမျိုးသမီး သီးသန့်ကားပါ အစ်ကိုလို့ ပြောလိုက်တဲ့အတွက် ချစ်သူ ယောကျာ်းလေးနဲ့အတူ စီးခွင့်မရတဲ့အတွက် မိန်းကလေးကပါ ကားကို မစီးတော့ဘဲ ကျန်ခဲ့တာကို ကျမ သတိပြုမိလိုက်ပါတယ်။
သမိုင်းလမ်းဆုံ မှတ်တိုင်ရောက်တော့ သိတဲ့အတိုင်း ကားတွေကလည်း အများကြီး၊ လူတွေကလည်း အိမ်ကိုပြန်ဖို့အတွက် ကားစောင့်နေကြတာ ပြည့်လို့ပေါ့။ ဒါပေမယ့် လူတွေက အမျိုးသမီး သီးသန့်ကားကို ကြည့်ပြီး ပြုံးတဲ့ လူကပြုံး၊ လက်ညှိုးထိုးပြီး ပြောတဲ့လူကပြောနဲ့ အတော်ကို အထူးအဆန်း ဖြစ်နေပါတယ်။
ကားပေါ်ကို အမျိုးသမီး ၁ယောက်၊ ၂ ယောက်လောက်က လွဲပြီး ခရီးသည် သိပ်မတက်ကြပါ။ ကျမ ကားပေါ်မှာ ပါလာတဲ့ အမျိုးသမီးတွေကို သတိထားမိတော့လည်း စိတ်ထဲမှာ တမျိုးတော့ ခံစားရပါတယ်။ ကားပေါ်မှာ စီးလာတဲ့ မိန်းကလေးတွေ မျက်နှာဟာ နည်းနည်း မာနကြီးတဲ့ဂိုက် (ဒါကတော့ ကျမ စိတ်ထင်လား မသိဘူးပေါ့နော်) ပုံစံမျိုး ဖြစ်နေတာကို သတိပြုမိပါတယ်။
ကျမစိတ်ထဲမှာ တခုခုကို အလိုမကျသလိုလို ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေကို အလေးပေးတယ်၊ အမျိုးသမီး အခွင့်အရေးကို ရှေးရှုတယ်ဆိုပြီး လုပ်ပေးလိုက်တဲ့ လုပ်ရပ်လေးတွေက တခါတလေမှာ အမျိုးသမီးတွေကို ပိုပြီးတော့ နှိမ်သလို ဖြစ်မနေဘူးလားနော်။
လူငယ်တသိုက် ဘာကြောင့် ဝေး…လို့ အော်လိုက်တာလဲ။ လမ်းဘေးက ယောကျာ်းတွေက ဘာလို့ လက်ညှိုးထိုးပြီး ရယ်သွားကြတာလဲ။ အမျိုးသမီးပုံစံ ဝတ်ပြီး တက်လာတဲ့ မိန်းမစိတ်ဖြစ်နေတဲ့သူလည်း ရှက်ရှက်နဲ့ ပြန်ဆင်းသွားရတဲ့ အဖြစ်၊ ယောကျာ်းလေးလို ဝတ်ထားပြီး ကားထိုင်စီးနေတဲ့ ယောကျာ်းလေးစိတ်ဖြစ်နေတဲ့သူ၊ ကားချောင်လျက်သားနဲ့ ချစ်သူ ကျန်ခဲ့တဲ့အတွက် မလိုက်ခဲ့ရတဲ့ မိန်းကလေး…. ။ ကျမခေါင်းထဲမှာ အတွေးပေါင်းစုံဝင်ပြီးတော့ ကျွန်မဆင်းရမယ့် မှတ်တိုင်ရောက်တော့ ကားပေါ်က ဆင်းခဲ့ပါတယ်။
ရှေးရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာအရ ကျမတို့နိုင်ငံမှာ မိန်းကလေးတွေဆိုရင် ဘယ်လိုနေရမယ်၊ ဒါမလုပ်ရဘူး၊ ဘာမပြောရဘူး စတဲ့ ဖိနှိပ်မှုတွေ ရှိနေတဲ့အတွက် မိန်းကလေးတွေဟာ ကိုယ်ရဲ့အခွင့်အရေးတွေနဲ့ ပတ်သက်လာရင် ကောင်းသလား၊ ဆိုးသလားတောင် မခွဲခြားနိုင်တော့တဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့နေရတာကို ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို လုပ်ကိုင်နေတဲ့ လူတိုင်း သတိပြုမိကြမှာပါ။ နောက်ပြီး လူ့အခွင့်အရေးလို့ ပြောလာရင် ယောကျာ်း၊ မိန်းမ၊ အမျိုးသမီးလို့ ထင်ရတဲ့ (Gay)၊ အမျိုးသားလို့ ထင်ရတဲ့ (lesbian) အားလုံးက တန်းတူညီတူ ရသင့်တဲ့ အခွင့်အရေးပါ။ လူတယောက်ကို အခွင့်အရေးပေးလိုက်တဲ့အတွက် နောက်တယောက်မှာ ထိခိုက်နစ်နာသွားရင်တော့ မကောင်းဘူးပေါ့နော်။ မြန်မာပြည်ရဲ့ အမျိုးသမီးတွေကို အလေးထား၊ အခွင့်အရေးပေးတဲ့အနေနဲ့ ပြုလုပ် ပေးထားတဲ့ အမျိုးသမီး သီးသန့်ကားကတော့ အမျိုးသမီးတွေကို ပိုပြီးတော့ နှိမ့်ချသလိုများဖြစ်နေပြီလား မသိဘူးဆိုပြီး ကျမစိတ်ထဲမှာ ဘဝင်မကျဖြစ်နေမိသည်မှာ အမှန်ပါပဲရှင်။
ဆုထက်ဝေ