ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ မီဒီယာစီမံကိန်း ဂုဏ်ထူးဆောင်အဖွဲ့ဝင် အစီအစဉ် ၂၀၁၇ စတင်ခြင်းနဲ့ လမ်းညွှန်ခြင်း အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ဆိုတာဟာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်းနဲ့ အရပ်သားအုပ်ချုပ်ရေးစနစ်အောက်မှာ စစ်ဘက် ရှိရမယ်၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ ဒီမိုကရေစီနိုင်ငံတွေရဲ့ Protocol အရဆို ညွှန်ကြားရေးမှူးချုပ်အဆင့်ပဲ ဖြစ်တယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံ့အကြီးအကဲအဆင့်အနေနဲ့ ထည့်ဆက်ဆံရတာ ဖြစ်တဲ့အတွက် ဒါဟာ ဒီမိုကရေစီမဟုတ်ဘူး ဆိုတဲ့သဘော ပြောကြားခဲ့တာကို တပ်မတော်က အစိုးရထံ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် တင်ပြထားကြောင်း ဇူလိုင် ၁၁ ရက်နေ့ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒါအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြည်ပကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေချိန်မှာ အခုလို ပြောကြားချက်ဟာ တပ်မတော်ရဲ့ အကြီးအကဲကို တိုက်ရိုက်ပုတ်ခတ် ပြောဆိုခြင်း ဖြစ်ကြောင်းနဲ့ အဲဒီပြောကြားချက်ဟာ တပ်မတော် အကြီးအကဲနဲ့ တပ်မတော်ပုံရိပ်ကို ကျဆင်းစေဖို့ တိုက်ရိုက်ထိခိုက်စော်ကားခြင်း ဖြစ်တယ်လို့ ယူဆကြောင်း ဇူလိုင် ၁၂ ရက်နေ့ညမှာ ဒုတိယအကြိမ် သဘောထား ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
တကယ်တော့ အဖွဲ့အစည်းတရပ်ရဲ့ ပုံရိပ်ဖြစ်ဖြစ်၊ ဂုဏ်သိက္ခာပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တဦးပဲဖြစ်ဖြစ် သူတို့ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို သူတို့ကိုယ်တိုင်ကသာ ကျအောင် တက်အောင်လုပ်ကိုင်နိုင်ပါတယ်။ တခြားသူတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်လို သိက္ခာကျအောင် အကောက်ကြံနေပါစေ၊ သူတို့ကိုယ်တိုင်က သိက္ခာရှိအောင်နေရင် သိက္ခာဆိုတာ မကျနိုင်ပါဘူး။ မိမိမှာ သိက္ခာရှိတယ်၊ မရှိဘူးဆိုတာ ကိုယ့်ဟာကိုယ် သတ်မှတ်ဆုံးဖြတ်လို့ မရစကောင်းပါဘူး။ အများပြည်သူဝန်းကျင် လူ့အဖွဲ့အစည်းကသာ သတ်မှတ် ဆုံးဖြတ်ပါလိမ့်မယ်။
ဒါကို ထင်ရှားတဲ့ဥပမာပေးရရင် ဒေါ်အောင်ဆန်းစုကြည်ကို အရင် စစ်အာဏာရှင်ဟောင်းတွေက နိုင်ငံပိုင်သတင်းစာတွေ မီဒီယာတွေသုံးပြီး သူမကို အမျိုးမျိုး အပုပ်ချတိုက်ခိုက်ပြီး သိက္ခာချခဲ့ပေမယ့် သူမရဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေက သူမကို ပိုသိက္ခာတက်စေခဲ့တာ လူတိုင်း သိပါတယ်။
ထိုနည်းလည်းကောင်းပဲ အဖွဲ့အစည်းတရပ်ကို ပုံရိပ်ကောင်းအောင်၊ သိက္ခာတက်အောင်၊ ဂုဏ်တက်အောင် ဘေးကနေ ဘယ်လောက် မြှောက်ပင့် ပြောဆိုနေကြပါစေ။ အဲဒီအဖွဲ့အစည်းကိုယ်တိုင်က သိက္ခာရှိအောင် မနေဘူး၊ လူအများ လေးစားတာခံရအောင် မနေဘူးဆိုရင် ဂုဏ်သိက္ခာဆိုတာ တက်မလာနိုင်ပါဘူး။
အခု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောခဲ့တဲ့ အကြောင်းအရာက တပ်မတော်ရဲ့ ပုံရိပ်၊ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ ဆိုလာမို့ နိုင်ငံရဲ့ပုံရိပ်၊ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေတဲ့ မြန်မာ့သမိုင်းရဲ့ ဖြစ်ရပ်မှန်တွေကို တချက်ပြန်လှည့် စောင်းငဲ့ကြည့်ကြရအောင်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက တိုင်းပြည်ရဲ့အာဏာကို ပြည်သူ ရွေးချယ်ထားတဲ့ အရပ်သားအစိုးရထံကနေ လက်နက်အားကိုးနဲ့ သိမ်းယူခဲ့ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသားထုအပေါ် ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကိုပါ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲ ဖြိုဖျက်ခဲ့ပါတယ်။
တိုင်းပြည်ရဲ့ အညွန့်အဖူး ကျောင်းသားလူငယ်တွေကို တိုင်းတပါးသား နယ်ချဲ့တွေကတောင် သေနတ်နဲ့ မပစ်သင့်မှန်းသိလို့ မြင်းနဲ့တိုက် နံပါတ်တုတ်နဲ့ ရိုက်တာလောက် လုပ်ပြီး ဖြေရှင်းခဲ့တဲ့ နမူနာရှိတာတောင် ကိုယ်လူမျိုးအချင်းချင်းကျမှ အာဏာရမ္မက်ကြီးလွန်းတဲ့ စစ်အာဏာရှင် ဗိုလ်နေဝင်းတို့တသိုက် သားသမီးချင်း မစာနာဘဲ တက္ကသိုလ်ကျောင်းဝင်းထဲ အဆောင်တွေထဲအထိ သေမင်းတမန် စက်သေနတ်တွေနဲ့ ရန်သူ့စခန်း ဝင်စီးသလို လက်နက်မဲ့ ကလေးတွေကို ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းခဲ့တာဟာ အလွန်ရိုင်းစိုင်းတဲ့ သမိုင်းဖြစ်သလို မြန်မာနိုင်ငံရဲ့ အနာဂတ် သွေးစွန်းမှုကြီးလည်း ဖြစ်ပါတယ်။
ပိုဆိုးတာကတော့ တပါးကျွန်ဘဝက လွတ်မြောက်စေဖို့ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ကျောင်းသား ခေါင်းဆောင်ပေါင်း မြောက်မြားစွာကို မီးရှူးသန့်စင် ဖွားမြင်ခဲ့ရာ ဘူမိနက်သန်ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အုံကြီးကို မိုင်းနဲ့ခွဲပြီး ဖျက်ဆီးပစ်ခဲ့တာ ဖြစ်တယ်။ ဒီလို ရုပ်ဆိုး အကျည်းတန်တဲ့ အဖြစ်အပျက်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းမှာ ဖျက်လို့မရတဲ့ အမည်းကွက်၊ သမိုင်းဆိုး သမိုင်းညစ်တွေ ကမ္ပည်းထိုးရစ်တာ ဖြစ်သလို လာခြင်းမကောင်းတဲ့ အာဏာရှင်စနစ်ရဲ့ လက္ခဏာရပ်တွေကို မီးမောင်းထိုး သတိပေးနေတာလည်း ဖြစ်ပါတယ်။
တနည်းအားဖြင့် ဆိုရင်တော့ လက်နက်အားကိုး အကြမ်းဖက် အဖြေရှာတဲ့ ဓလေ့ဆိုးကို နိုင်ငံတော်ရဲ့ အိမ်ဦးခန်းမှာ တရားဝင် အလံထူလွှင့်တင်လိုက်တာပါပဲ။ အဲဒီအချိန်ကစပြီး ခေတ်အဆက်ဆက်မှာ နိုင်ငံရေးပြဿနာတွေ ပေါ်လာတိုင်း လက်နက်မဲ့ ကျောင်းသားပြည်သူတွေအပေါ် သတ်ခဲ့ဖြတ်ခဲ့ကြ၊ အကြမ်းဖက် ဖြေရှင်းမှုတွေ လုပ်လာခဲ့ကြတာဟာ ထမင်းစား ရေသောက်ကိစ္စလို ဖြစ်လာခဲ့ပြီး တိုင်းပြည်ဟာ အမှောင်ထုကြီးအောက် စုံးစုံးမြုပ်ခဲ့တော့တာပဲ မဟုတ်လား။
လက်နက်ကိုသာ အားကိုးအားထားပြုလေ့ရှိတဲ့ စစ်အာဏာရှင်သန္ဓေပါရင် အကြမ်းဖက် အဖြေရှာတတ်ပါတယ်၊ အဲဒီအာဏာရှင်စိတ်ဓာတ်ကို မြန်မာ့မြေမှာ နောက်ထပ် အစို့အညှောက် ထွက်မလာနိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖက်ဒရယ် ဒီမိုကရေစီ ပီပီသသဖြစ်လာအောင် ပြင်ဆင်ကြရမယ် ဆိုတာပါပဲ။ မပြင်ဆင်နိုင်ဘူး ဆိုရင်တော့ အထက်က အဖြစ်ပျက်ဆိုးမျိုးတွေ ထပ်ဖန်တလဲလဲ ခံစားကြရဦးမယ်ဆိုတာ သတိချပ်ကြစေချင်ပါတယ်။
နောင်ကို တို့ တိုင်းပြည်မှာ အင်အားကြီးသူ လက်နက်သာသူက ဗိုလ်ကျ အနိုင်ကျင့်ခွင့်မရှိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်း ရေးဆွဲ တားမြစ်ထားဖို့ မဖြစ်မနေ လိုအပ်တယ်။ ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို စောင့်ရှောက်ကာကွယ်ခြင်း အဓိပ္ပာယ်မို့လို့ တကယ့်ကာကွယ်ရေး အမြင်တရပ် ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဟာ စားပွဲတင်တင်းနစ်နဲ့ ကြက်တောင်အားကစားတွေမှာ ကမ္ဘာ့အဆင့်အတန်းမီတဲ့ အဆင့် ရောက်လာတာဟာ ငွေကြေးတွေ သုံးတာ တခုတည်းကြောင့် မဟုတ်ဘူး။ နည်းစနစ်၊ အားကစားစိတ်ဓာတ်၊ လေ့ကျင့်မှု အထောက်အကူပြု ကိရိယာ၊ ခံစားခွင့်၊ အနာဂတ်လုံခြုံမှု၊ ဘဝတက်လမ်း ပြည်ပ အတွေ့အကြုံ၊ အထောက်အပံ့အစုံနဲ့ ပန်းခင်းတခင်းကို စိုက်သလို အရိပ်တကြည့်ကြည့်နဲ့ ပျိုးထောင်လာခဲ့ခြင်းရဲ့ ရလဒ်တွေ ဖြစ်ပါတယ်။
အစေ့ကြဲပြီး ပစ်ထားသလိုမျိုး လုပ်လို့မရပါဘူး။ အာရုံအပြည့်ထားပြီး ပေါင်းသင် မြက်နုတ်၊ ရေလောင်းရမယ့် အချိန်လောင်း၊ ပိုးမကိုက်အောင် ဂရုစိုက်၊ လောင်းရိပ်မမိအောင်၊ အညွှန်ချိုး အညွန့်ဆိတ် မခံရအောင် စောင့်ရှောက်ပေးခဲ့လို့ သူတို့ပန်းခင်းတွေက ဖူးပွင့်ဝေဆာနေတာပဲ မဟုတ်ပါလား။
ပြီးခဲ့တဲ့ နှစ် ၅၀ ကျော်ကာလတွေမှာ တို့ဆီက စစ်အာဏာရှင်ဟောင်းတွေ ကျေးဇူးရှင် အထင်ခံချင်သူတွေကတော့ အစေ့လည်း လူမြင်ကောင်းယုံချ၊ ရေမလောင်း ပေါင်းမသင်၊ ပိုးထိုး လောက်ကိုက်အောင် ပစ်ထားရုံမက မျိးဆက်သစ် အပင်လေးတွေမှာ နဂိုဗီဇ အားကောင်းလို့ သန်စွမ်းလာရင်တောင် အညွန့်ချိုး အကိုင်းဖြတ်၊ သင်းသပ်ကြသေးတော့ တို့ပန်းခင်းတွေ မပွင့်လန်းနိုင်တာ အံ့သြစရာမရှိပါဘူး။ တိုင်းပြည်ရဲ့ ကံကြမ္မာကိုက ဥယျာဉ်မှူးလက်ထဲ မရောက်ခဲ့ရဘဲ ပန်းစားဘီလူးလက်ထဲ ရောက်ခဲ့ရတာကိုး။ အခုချိန်အခါမှာတော့ မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ် တက်လာနိုင်ခဲ့ပြီး ပန်းဥယျာဉ်မှူးနဲ့တူတဲ့ ပြည်သူ ရွေးချယ်ထားတဲ့ အစိုးရက စီမံအုပ်ချုပ်နေပါပြီ။
လူကို လူလိုမမြင်တဲ့ စရိုက်ဆိုးနဲ့ ဗိုလ်ကျစီးပိုးတဲ့ အထုံဓလေ့ ကြီးမားတဲ့ စစ်အာဏာရှင်တွေ စိုးမိုးအုပ်ချုပ်တဲ့ တိုင်းနိုင်ငံတွေဟာ… ဘယ်သောအခါမှ မငြိမ်းချမ်းပါဘူး။ ကိုယ့်အမိန့် နာခံသူ၊ သစ္စာရှိသူတွေသာ မျက်နှာသာပေး မြှောက်စားတတ်၊ နေရာမှန် လူမှန်မရှိဘဲ ထင်သလို ဆုံးဖြတ်၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတတ်တဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ မတရားမှုနဲ့ အနိဋ္ဌာရုံတွေဟာ ထမင်းစား ရေသောက် ကိစ္စလို လွယ်လင့်တကူ အမြဲ ဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် ဗိုလ်ကျစီးပိုးတတ်တဲ့ အာဏာရှင်ဓလေ့ စရိုက်အငွေ့အသက်တွေ ယှက်သန်းနေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဘယ်လို လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ဥပဒေအထက်မှာ မနေနိုင်အောင်၊ အခွင့်ထူးခံခွင့် မရှိအောင် တိတိကျကျ ပြင်ဆင်ပြဋ္ဌာန်းနိုင်ပါမှ ကျနော်တို့ တိုင်းပြည်ဟာ လှပတဲ့ ပန်းပေါင်းစုံ လွတ်လပ်စွာ ဖူးပွင့်ဝေဆာတဲ့ ဥယျာဉ်ပန်းခင်းကြီး ဖြစ်လာပြီး ကမ္ဘာကို ရင်ပေါင်တန်းလာနိုင်မှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ဂုဏ်သိက္ခာ ကျခြင်း၊ တက်ခြင်း ဆိုတာကို မိမိနဲ့ မိမိအဖွဲ့အစည်းရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ စတဲ့ အလုပ်သုံးပါးကံတွေကသာ အဆုံးအဖြတ်ပေးနိုင်ပါတယ်။ တကယ်ပဲ မိမိနဲ့ မိမိအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်လိုတဲ့ ပုဂ္ဂိုလ်တိုင်း၊ အဖွဲ့အစည်းတိုင်းဟာ မိမိတို့ရဲ့ အတိတ်သမိုင်းက အမှားတွေကို ရဲရဲရင့်ရင့် ဝန်ခံလို့ ခံစားခဲ့ရတဲ့ မိဘပြည်သူတွေကို တရားဝင် တောင်းပန်ကြရမှာဟာ ပထမအဆင့် ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ပြည်သူအနည်းစုဆန္ဒထက် ပြည်သူလူထု အများစုရဲ့ အောက်ပါဆန္ဒတွေကို ရိုးသားစွာ အမြန်ဆုံး အကောင်အထည်ဖော်မှသာ ဂုဏ်သိက္ခာ တက်လာရုံသာမက လှပတဲ့ သမိုင်းကောင်းတွေ ရေးထိုးနိုင်လို့ ပြည်သူချစ်တဲ့ ပြည်သူ့သားသမီး အဖွဲ့အစည်းတွေ ဖြစ်လာနိုင်ပါတယ်။
(၁) ပြည်သူ့ဘဏ္ဍာကနေ လစာရိက္ခာ ယူနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူ့အစိုးရ လက်အောက်ခံ ဝန်ထမ်း အဖွဲ့အစည်းအနေနဲ့ ပြည်သူအပေါ် သစ္စာရှိရှိနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တပ်မတော်တရပ်ရဲ့ ပရောဖက်ရှင်နယ်နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို တိတိကျကျ ထမ်းဆောင်စေချင်ပါတယ်။
(၂) နှစ်ပေါင်း ၇၀ ကျော် တောက်လောင်နေတဲ့ ပြည်တွင်းစစ် မီးတောက်ကြီးကို ငြှိမ်းသတ်ပြီး စစ်မှန်ပြီး ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးကို တည်ဆောင်နိုင်အောင် နိုင်ငံရေး အင်အားစုအားလုံးနဲ့အတူ အားကြိုးမာန်တက် လက်တွဲ တည်ဆောက်စေချင်ပါတယ်။
(၃) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီ စံရည်စံညွှန်းတွေနဲ့ ကိုက်ညီပြီး အများပြည်သူ လက်ခံမယ့် ဖွဲ့စည်းပုံဖြစ်လာအောင် ပြင်ဆင်ရာမှာ ပီပီပြင်ပြင် ထောက်ခံကူညီစေချင်ပါတယ်။
(၄) တရားဥပဒေစိုးမိုးပြီး လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုတဲ့ ပြည်သူ့ ဒီမိုကရေစီစနစ်တရပ် အခိုင်အမာ ပေါ်ထွန်းလာနိုင်အောင် အခွင့်ထူး ပိုမယူကြဘဲ ပြည်သူနဲ့ တသားတည်း ရပ်တည်ဆောင်ရွက်စေချင်ပါတယ်။
အဲဒီ ပြည်သူ့သဘောထား ဆန္ဒတွေကိုသာ အချိန်မဆွဲဘဲ မြန်နိုင်သမျှ မြန်မြန် ဖြည့်ဆည်းပေးမယ်ဆိုရင် ဘယ်လို လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို ပြည်သူတွေက ရင်ဖွင့်ကြိုလာကြမှာ ဖြစ်သလို အဲဒီအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာဟာလည်း အလိုလို မြင့်တက် ထွန်းပြောင်လာပါလိမ့်မယ်ဆိုတဲ့အကြောင်း မေတ္တာရပ်ခံ ရေးသား ဆော်သြလိုက်ပါတယ်။
မြန်မာနိုင်ငံသားတိုင်း ကောင်းသောကံများ ပြုနိုင်ကြလျက် ကောင်းမွန်သော သမိုင်းမော်ကွန်းကိုယ်စီ ရေးထိုးနိုင်ကြပြီး ကောင်းသောလားရာဆီ ဦးတည်နိုင်ကြပါစေ။
မင်းကောင်းချစ်