အကျဉ်းထောင်များ၌ သတ်မှတ်ဦးရေထက် အကျဉ်းသား ပိုများ ကျပ်တည်းနေ
DVB
·
July 18, 2017
မြန်မာနိုင်ငံတွင်း အကျဥ်းထောင်တွေမှာ သတ်မှတ်ဦးရေထက် အကျဉ်းသားပိုများနေလို့ ကျပ်တည်းစွာ နေထိုင်ရတဲ့ ပြဿနာတွေ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့က သိရပါတယ်။
ဇူလိုင် ၁၇ ရက် ညနေပိုင်းက မွန်ပြည်နယ်၊ သထုံမြို့၊ သထုံအကျဉ်းထောင်သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က လာရောက်စစ်ဆေးစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က “စစ်ဆေးခဲ့တဲ့ အကျဥ်းထောင်တွေထဲက တချို့ထောင်တွေဆိုရင် လူများလွန်းလို့ တစောင်းအိပ်ရတာတွေ၊ တချို့ဆို ငုတ်တုတ်ထိုင်နေရတာတွေ ရှိတယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ။ အခက်အခဲတွေကတော့ သပွတ်အူလိုက်နေတာပေါ့။ ထောင်တွေကြပ်လို့ ထောင်ချဲ့မယ် ဆိုတာကလည်း မြန်မာတပြည်လုံး ထပ်ချဲ့ရမယ့်သဘော ရှိတယ်။ ဒီတော့ ထောင်လည်း မချဲ့ရအောင် ထောင်လည်း မကြပ်အောင် ဘယ်လိုလုပ်မလဲပေါ့။ ထောင်မကြပ်ဖို့ လွတ်ပေးပြန်လို့လည်း မဖြစ်ဘူး။ ဒါဆို ရာဇဝတ်သားတွေ လွတ်ကုန်လို့ လူတွေ ဒုက္ခရောက်ကုန်ဦးမယ်။ ဒါတွေကို AAPP အဖွဲ့တွေနဲ့ တိုင်ပင်တော့ အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ စီစဉ်ရတယ်။ အဲဒီကနေ ရလာတဲ့ အဖြေကို တာဝန်ရှိသူတွေထံ တင်ပြဖို့တော့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။
အကျဥ်းထောင်တွေမှာ လူ့အခွင့်အရေချိုးဖောက်မှု ကြီးမားတဲ့ ပြဿနာမရှိပေမယ့် အားနည်းချက်တွေ ရှိနေသေးပြီး မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်၊ အချုပ်စခန်းတွေမှာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ လိုက်လံစစ်ဆေးနေတာလို့ သိရပါတယ်။
အကျဥ်းထောင်တွေမှာ စားရေးသောက်ရေး အဆင်မပြေမှု၊ အိပ်စက်ချိန် အဆင်မပြေမှု၊ မနိုင်ဝန်ထမ်းနေရမှု၊ အကျဥ်းသားအခွင့်အရေး အနည်းငယ် ချိုးဖောက်ခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဇူလိုင် ၁၇ ရက်နေ့မှာ ရင်းငြိမ်ကုန်ထုတ်စခန်း၊ အင်းဗြောင်ကုန်ထုတ်စခန်း၊ ဇင်းကျိုက်ကုန်ထုတ်စခန်း၊ ရဲအချုပ်စခန်းများ၊ သထုံရဲအချုပ်စခန်းနှင့် သထုံအကျဥ်းထောင်တို့ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
သတင်း - ယူမင်းစိုး