ဗင်နီဇွဲလားတွင် မဲလာပေးသည့်လူအုပ်ထဲ သေနတ်သမားပစ်ခတ်၊ ၁ ဦးသေဆုံး (ရုပ်သံ)

711
ဗင်နီဇွဲလားနိုင်ငံမှာ ဇူလိုင် ၁၆ ရက်နေ့က အတိုက်အခံတွေ ဦးဆောင်လုပ်တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲလာပေးကြတဲ့ လူအုပ်ထဲကို သေနတ်သမားတဦးက ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားပါတယ်။
မြို့တော် ကရာကတ်နားက ကာတီယာမြို့မှာ အတိုက်အခံတွေက ဦးဆောင်ပြုလုပ်တဲ့ လူထုဆန္ဒခံယူပွဲကို အစိုးရလိုလားတဲ့ ပြည်သူ့စစ်အဖွဲ့တွေက အခုလိုပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဗင်နီဇွဲလား အတိုက်အခံ ဒီမိုကရက်တစ် ယူနတီ ညွန့်ပေါင်းအဖွဲ့က ပြောကြားပါတယ်။
အခုဆန္ဒခံယူပွဲဟာ ဗင်နီဇွဲလားနိုင်ငံမှာ နှစ် ၂၀ ကြာပြီဖြစ်တဲ့ ဆိုရှယ်လစ်စနစ်ကို အဆုံးသတ်ဖို့ ဖိအားပေးတဲ့ပွဲ ဖြစ်ပါတယ်။
ဒီဆန္ဒခံယူပွဲဟာ အတိုက်အခံတွေက ဦးဆောင်ပြုလုပ်တဲ့ပွဲဖြစ်ပြီး တရားဝင် ဆန္ဒခံယူပွဲ မဟုတ်ပါဘူး။
ဒီဆန္ဒခံယူပွဲဟာ သမ္မတ နီကိုလပ်မာဒူရိုရဲ့ အငြင်းပွားဖွယ် ကွန်ဂရက်လွှတ်တော်သစ်ကိစ္စနဲ့ ပတ်သက်လို့ အတိုက်အခံတွေက ရွေးကောက်ပွဲလုပ်ပြီး လူထုသဘောထား ကောက်ခံတဲ့ပွဲလည်း ဖြစ်ပါတယ်။
ဒီဆန္ဒခံယူပွဲဟာ သမ္မတ နီကိုလပ်မာဒူရိုရဲ့ တရားဝင်မှု (Legitimacy) အားနည်းသွားအောင် ရည်ရွယ်တဲ့ပွဲလည်း ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရသလို လပေါင်းများစွာ ကြာပြီဖြစ်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
ရုပ်သံ - theguardian