ခြေတဘက်မရှိသည့် ပထမဆုံး Mr. England ဆုရ အမျိုးသား (ဓာတ်ပုံ)











763
မစ္စတာအင်္ဂလန်လို့ ပြောလိုက်ရင် ခြေတဘက်ဆုံးရှုံးထားရတဲ့ သူတယောက်ကို ဘယ်သူမှ ပြေးမြင်မိကြမယ် မထင်ပါဘူး။
ဒါပေမယ့် ဂျက်ခ်အိုင်ယားစ်ကတော့ ပထမဆုံး ခြေတဘက်မရှိတဲ့ မစ္စတာတဦးအဖြစ် အသိအမှတ်ပြုခံလိုက်ရပါတယ်။
ဘုန်းမောက်မြို့ဇာတိဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ဂျက်ခ်အိုင်ယားစ်ဟာ တခြားသော နောက်ဆုံးဆန်ကာတင် မစ္စတာ ၂၄ ယောက်ကို ဖြတ်ကျော်အနိုင်ယူပြီး ဒီဆုကို ရရှိခဲ့တာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဇူလိုင် ၁၆ ရက်နေ့က ဖော်ပြပါတယ်။
သူဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် Mr. World ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
“ကျနော်က မသန်စွမ်းသူတွေနဲ့ ခြေလက်အင်္ဂါ ဆုံးရှုံးရသူတွေရဲ့ စံပြမောင်တယောက် ဖြစ်ချင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ကျနော်ကြိုးစားခဲ့ပါတယ်။ Mr. England ဆိုတာ အလှအပတခုတည်းအတွက် ပေးတာမဟုတ်ပါဘူး။ အရာအားလုံးပါဝင်တယ်” လို့ ဂျက်ခ်အိုင်ယားစ်က ပြောပါတယ်။
သူဟာ မွေးကတည်းက ညာဘက်ခြေထောက် မသန်စွမ်းဘဲ ရှိနေခဲ့တာဖြစ်ပြီး သူ့အသက် ၁၆ နှစ်အရွယ်မှာတော့ အဲဒီခြေထောက်ကို ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ကျောင်းအားကစားပွဲတွေမှာ အနိုင်ကျင့် လှောင်ပြောင် စနောက်ခံခဲ့ရပြီးနောက် ဒီကနေ့မှာတော့ သူဟာ ကိုယ်ကာယအလှသင်တန်းရဲ့ သင်တန်းဆရာတယောက် ဖြစ်လာခဲ့ပြီး ပထမဆုံး ခြေတဘက်မရှိတဲ့ မစ္စတာတဦးလည်း ဖြစ်လာခဲ့ပါတယ်။