Home
မြန်မာသတင်း
ကရင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေနှင့် ဒုက္ခသည်အရေး မစ္စယန်ဟီးလီဆွေးနွေး
DVB
·
July 17, 2017
  နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေအရေးနဲ့ ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီဆီ  ကရင်လူမှုအဖွဲ့ အစည်းတွေက တင်ပြခဲ့ကြပါတယ်။ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဇူလိုင် ၁၆ ရက်နေ့က ပထမဆုံးအကြိမ် ကရင်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးတွေကို တွေ့ဆုံခဲ့တဲ့အပြင် ကရင်လူမှုအဖွဲ့အစည်းတွေနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့တာပါ။ ကရင်လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံစဉ် ကရင်ပြည်သူတွေရဲ့ စိုးရိမ်ပူပန်ချက်တွေကို တင်ပြခဲ့တယ်လို့ ကရင့်ရေးရာကော်မီတီအတွင်းရေးမှူး စောကျော်စွာက ပြောပါတယ်။ “ကရင်ပြည်နယ်အတွင်းဖြစ်ပေါ်တိုးတက်နေတဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေတွေပဲ ပြောပါတယ်။ နိုင်ငံရေး အခြေအနေ ကတော့ အရင်အစိုးရက တချို့လုပ်ငန်းတွေကိုလုပ်တဲ့ အခွင့်အရေး သိပ်မရှိဘူး။ ဒီအစိုးရကတော့ နည်းနည်းလေးလုပ်ခွင့်ပေးတဲ့ဟာမျိုးပေါ့။  အဓိကကတော့ လတ်တလောက ဒီမိုကရေစီအစိုးရ ဖြစ်လာပြီးနောက်ပိုင်းမှာ ဒီဒုက္ခသည်တွေ ပြန်လာဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ စိုးရိမ်တာလည်း ပြောပြတာရှိပါတယ်။ အဓိကကျနော်တို့ စိုးရိမ်တာက ပြန်လာတဲ့ ဒုက္ခသည် တွေက စနစ်တကျ လူလိုသူလိုပြန်လာဖို့ စီစဉ်ထားတာမျိုးမရှိဘဲနဲ့  ဗရုတ်သုတ်ခ ပြန်လာမှာကို စိုးရိမ်တယ်လေ။ လောလောဆယ် နိုင်ငံတကာအဖွဲ့အစည်းက သော်လည်းကောင်း၊ ထိုင်းနိုင်ငံ အနေနဲ့သော်လည်းကောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ပုဂ္ဂိုလ်ကသော်လည်းကောင်း ဖြစ်နိုင်ရင်တော့ ဒုက္ခသည်တွေကို ပြန်လာစေချင်တာပေါ့။ ဒါပေမယ့်ကျနော်တို့ ဒီကရင်ပြည်နယ် အစိုးရအနေနဲ့ ဒုက္ခသည်ပြန်လာဖို့အတွက် သေချာတိကျသော အစီအစဉ်ဆောင်ရွက်ထားတာမျိုး မရှိသေးတဲ့အတွက်ကြောင့် ပြန်လာရင် သေသေချာချာတိတိကျကျ ခိုင်ခိုင်မာမာ ဆောင်ရွက်ထား စေချင်တဲ့ သဘောမျိုးပေါ့။ ” ကရင်မြစ်ချောင်းများကွန်ရက်အဖွဲ့ကလည်း သံလွင်မြစ်ပေါ်တည်ဆောက်မယ့် ရေကာတာကိစ္စ အပေါ် စိုးရိမ်ပူပန်မှုတွေနဲ့ ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို တင်ပြခဲ့တယ်လို့ Save the Salween Network က စောသာဘိုးက ပြောပါတယ်။ “ကျနော်တို့အဖွဲ့ကတော့ အဓိက ရေကာတာနဲ့ ဒုက္ခသည်ကိစ္စကို တင်ပြတယ်။ ရေကာတာ စီမံကိန်းကြောင့် ကျနော်တို့ တချို့ ဒေသတွေမှာ ဒုက္ခသည်တွေ တိုးလာတယ်ဆိုတဲ့ ဟာရယ်၊ ပြီးတော့ ဒုက္ခသည်တွေအတွက် အကူအညီတွေလိုအပ်နေတယ်ဆိုတဲ့ဟာရယ်၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တခြားထောက်ပံ့မှု အကူအညီတွေပေါ့။ အဲဒါတွေ အစိုးရက ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတဲ့ဟာတွေကို တင်ပြတယ်။” မစ္စ ယန်ဟီးလီနဲ့ တွေကဆုံခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားသူ ဒေါက်တာ ယုဇန၀င်းကတော့ “ကျမတို့တွေ အဓိက ဆွေးနွေးဖြစ်တာကတော၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စလည်း ဆွေးနွေးဖြစ်တယ်။ အဓိက ကတော့ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကိစ္စပေါ့။ ကျမတို့ဘက်က တင်ပြတာပဲရှိတယ်။ သူဘက်က ပြန်လည်ဖြေကြားတာမျိုးမရှိသေးတော့ အစီအရင်ခံစာ ထွက်လာမှ သိရမယ်” လို့ ပြောပါတယ်။ ဒီတွေ့ဆုံပွဲမှာ ကရင်ပြည်နယ် အခြေစိုက် အရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့က ကိုယ်စားလှယ်တွေဟာ ကရင်စာပေယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အမျိုးသမီးအခွင့်အရေးနဲ့ အကြမ်းဖက်ခံရမှု၊ တရားဥပဒေစိုးမိုးမှု၊ မြေယာနဲ့ သဘာဝသယံဇာတဆိုင်ရာကိစ္စရပ်တွေကို တွေဆုံပြောကြားခဲ့ကြပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီဟာ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေနဲ့မတွေ့ဆုံမီ  အစိုးရရိပ်သာမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာလည်း ကရင်ပြည်နယ်အတွင်း နယ်မြေဒေသ လုံခြုံရေးအခြေအနေ၊ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်မှု၊ မြေယာသိမ်းဆည်းမှုနဲ့ လျော်ကြေးငွေပြန်လည်ပေးအပ်မှု၊ အဂတိ လိုက်စားမှု ကင်းရှင်းရေးဆောင်ရွက်မှု၊ စီမံကိန်းလုပ်ငန်းကြီးတွေ ဆောင်ရွက်ရာမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပါဝင် ဆောင်ရွက်မှုကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင်  မြန်မာ-ထိုင်း နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့  မြန်မာနိုင်ငံသား တွေ နိုင်ငံအတွင်း ပြန်လည် နေရာချထားပေးနိုင်ရေး ဆောင်ရွက်ထားမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုနဲ့ ဒေသတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်မှုအခြေအနေတွေကို  ပြည်နယ်အစိုးရအဖွဲ့ကရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေကိုလေ့လာပြီး ကုလသမဂ္ဂမှာ ပြန်လည် အစီရင်ခံဖို့  မြန်မာနိုင်ငံကို ဇူလိုင်လ ၁၁ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့မှာ ခရီးစဉ် အဆုံးသတ်မှာဖြစ်ပါတယ်။ သတင်း-နော်နိုရင်း- ရဲမင်းခေါင် ဓာတ်ပုံ- MOI

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024