A d v e r t i s e m e n t With Us

တရုတ်-မြန်မာ ဆက်ဆံရေးတချိုးတကွေ့မှ သမိုင်းသင်ခန်းစာများ

  ဇွန်လ ၂၈ ရက်နေ့က တရုတ်နိုင်ငံ ပီကင်းမြို့တွင် China-Myanmar Think Tank Dialogue  ခေါင်းစဉ်အောက်တွင် China-Myanmar Relations: Past, Present and prospect တရုတ်-မြန်မာဆက်ဆံရေး : အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် မျှော်မှန်းချက် ခေါင်းစဉ်ဖြင့် အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။ အိမ်ရှင်အဖွဲ့အစည်းမှာ Department for Asia-Pacific Studies, China Institute of International Studies (အာရှ-ပစ္စဖိတ်လေ့လာရေးဌာန၊ နိုင်ငံတကာလေ့လာရေး တရုတ်အင်စတီကျူ) ဖြစ်ပြီး Institute of Myanmar Studies, Yunan University (ယူနန်တက္ကသိုလ် မြန်မာလေ့လာရေး အင်စတီကျု) နှင့် Myanmar Institute of Strategic and International Studies (မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး မြန်မာအင်စတီကျု MISIS) တို့မှ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံ MISIS မှ အဖွဲ့ခေါင်းဆောင် သံအမတ်ကြီးဟောင်း ဦးညွန့်မောင်ရှိန်နှင့် အဖွဲ့ဝင်များအဖြစ် MISIS အဖွဲ့ဝင် ဒေါ်သန်းသန်းဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနမှ ဌာနမှူးပါမောက္ခ ဒေါ်ချောချောစိန်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာန တွဲဘက်ပါမောက္ခ ဒေါ်ခင်မမမျိုးနှင့် MISIS မှအဖွဲ့ဝင် ဦးထူးကျော်မြင့်ဆွေတို့ ပါဝင်တက်ရောက်ကြသည်။ ကျနော့်မှာ ယူနန်တက္ကသိုလ် မြန်မာလေ့လာရေးအင်စတီကျုတွင် Visiting Scholar အဖြစ် ရောက်ရှိနေခိုက်ဖြစ်၍ ကျနော့်ကိုလည်း ၁၉၄၈နှင့် ၁၉၈၈ ခုနှစ်အကြား တရုတ်-မြန်မာဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရန် ယူနန်တက္ကသိုလ် မြန်မာလေ့လာရေးဌာနက တာဝန်ပေးပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ဆွေးနွေးချက်မှာ ၁၉၄၈ မှ ၁၉၈၈ ခုနှစ်ကာလအထိသာ ဖြစ်သဖြင့် တရုတ်-မြန်မာဆက်ဆံရေး၏ တစိတ်တပိုင်းမျှသာ ဖြစ်ပါသည်။ တရုတ်-မြန်မာ ဆက်ဆံရေးနှင့်ပတ်သက်၍ အပြည့်အစုံဖတ်ရှုလိုသော စာဖတ်ပရိသတ်များအနေဖြင့် နှစ်နိုင်ငံ Think Tank များ ပူးပေါင်းရေးသား ထုတ်ဝေမည့် စာအုပ်ကို စောင့်မျှော်ဖတ်ရှုကြပါရန် သတင်းကောင်းပါးလိုက်ပါသည်။ အစည်းအဝေးတွင် ကျနော် ဆွေးနွေးပြောဆိုချက်ကိုမူ ဗဟုသုတရစေရန်အတွက် ရည်ရွယ်ကာ မြန်မာပြန်ဆို ရေးသား တင်ဆက်လိုက်ပါသည်။ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး တရုတ်-မြန်မာ နှစ်နိုင်ငံသည် နယ်နိမိတ်အားဖြင့် ၁၃၇၀ မိုင် (ကီလိုမီတာ ၂၂၀၄) ရှည်လျားပြီး တရုတ်သည် နယ်နိမိတ် အရှည်လျားဆုံး ထိစပ်သည့် မြန်မာ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည်။ မြန်မာပြည်တွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးအများစုမှာ ဗမာ အပါအဝင် အားလုံးနီးပါးသည် ရှေးပဝေသဏီကာလ တရုတ်ပြည်တွင်းမှ ဆင်းသက်လာကြသူများလည်း ဖြစ်ကြသဖြင့် သွေးသားအရ နီးစပ်မှုရှိကြသလို၊ ဘာသာစကားအရလည်း တရုတ်-တိဗက်ဘာသာစကား (Sino-Tibetan or Tibeto-Burman languages) အုပ်စုတစုထဲဝင်များ ဖြစ်ကြသည်။ မှတ်တမ်းမှတ်ရာ အထောက်အထားများရှိခဲ့သည့် မြန်မာနိုင်နှင့် တရုတ်နိုင်ငံ ဆက်ဆံရေးသမိုင်းကို ပြန်ကြည့်လျှင် ပျူနိုင်ငံ တည်ထောင်ကတည်းက စတင်ခဲ့သည်။ ပျူတို့၏ မူလဘူတ အခြေစိုက်ရာဒေသမှာ ယနေ့ တရုတ်ပြည်၊ ချင်းဟိုင်-ကန်းစုဒေသ ဖြစ်ပြီး ယူနန်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းသို့ တပိန်နှင့် ရွှေလီမြစ်ကြောင်းအတိုင်း ဘီစီ ၂ ရာစုလောက်ကတည်းက ဝင်ရောက်လာကြသူများ ဖြစ်သည်။ ထို့အတူ ဗမာလူမျိုးတို့သည်လည်း မူလအခြေစိုက်ရာ ချင်းဟိုက်-ကန်းစုဒေသမှ ယူနန်နယ်ထဲသို့၊ ထိုမှတဆင့် ဘီစီ ၇ ရာစုကစ၍ မြန်မာနိုင်ငံတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာကြပြီး ၉ ရာစုတွင် ပုဂံကို စတင်တည်ထောင်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်းတွင် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး ပါဝင်သည့် လူမျိုးစုကြီး ၈ မျိုး ရှိသလို၊ တရုတ်ပြည်တွင် လူမျိုး စု ၅၆ မျိုး ရှိသည်။ လူများစု ဗမာလူမျိုးက တနိုင်ငံလုံး လူဦးရေ၏ ၆၈% ရှိသော်လည်း၊ လူများစု ဟန်လူမျိုးမှာ တရုတ်တနိုင်ငံလုံး လူဦးရေ၏ ၉၂% အထိရှိသည်။ နှစ်နိုင်ငံလုံး၏ ပြည်သူများက နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီပဒေသရာဇ် ဆန့်ကျင်ရေးနှင့် ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲများကို တိုက်ခိုက်ခဲ့ကြရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံက အင်္ဂလိပ်လက်အောက်မှ အရင်လွတ်လပ်ရေးရရှိပြီး ပါတီစုံဒီမိုကရေစီနိုင်ငံကို စတင်ထူထောင်သည်။ အစကောင်းခဲ့သော နှစ်နိုင်ငံ ဆက်ဆံရေး ၁၉၄၉ ခုနှစ် အောက်တိုဘာလတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုဖြင့် တည်ထောင်လိုက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဦးဆုံး အသိအမှတ်ပြုသည့် နိုင်ငံထဲတွင် မြန်မာနိုင်ငံ ပါဝင်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကွန်မြူနစ်ပါတီ အာဏာရရှိထားသည့်နိုင်ငံ ဖြစ်သဖြင့် အမေရိကန်နှင့် အနောက်အုပ်စုက ဝိုင်းပယ်ထားကြသည်။ ကမ္ဘာ့ကုလသမဂ္ဂတွင် ပါဝင်ခွင့်မရရန် ၁၉၇၁ ခုနှစ် အထိ ပိတ်ပင်ထားခြင်း ခံရသည်။ ထိုသို့သော အခြေအနေတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် စတင်ခဲ့သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ကို အခြေခံ၍ တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် အပြန်အလှန် မကျူးကျော်ရေးစာချုပ်ကို နှစ်နိုင်ငံဝန်ကြီးချုပ်များက  ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ကမ္ဘာသို့ ကြေညာသည်။ ၁၉၅၄ ခုနှစ် နိုဝင်ဘာလတွင် ဝန်ကြီးချုပ်ဦးနု၏ ပီကင်းခရီးစဉ်အပြီးတွင် ကိုးရီးယားစစ်ပွဲကြောင့် မြန်မာ့ဆန် နိုင်ငံခြားသို့ တင်ပို့ရေး အခက်အခဲဖြစ်နေမှုကို တရုတ်ပြည်က ကြိုးစားဖြေရှင်းပေးခဲ့သည်။ ထိုကိစ္စမတိုင်မီ မော်စီတုံးက ပင်လယ်ရပ်ခြား တရုတ်အမျိုးသားအသိုက်အဝန်းတွင် ကွန်မြူနစ်ပါတီ လှုပ်ရှားမှုများ ပြုလုပ်မည် မဟုတ်ကြောင်းနှင့် ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများကို မြန်မာ့နိုင်ငံရေးပါတီများတွင် ပါဝင်လှုပ်ရှားရန် အားပေးမည် မဟုတ်ကြောင်းကို အာမခံခဲ့လေသည်။ ထို့ပြင် တရုတ်အစိုးရက ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများကို မြန်မာ့ဥပဒေကို လေးစားလိုက်နာကြရန်နှင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ကြရန်လည်း ညွှန်ကြားခဲ့လေသည်။ မော်၏ အဆိုပါကတိကဝတ်ကို ၁၉၅၄ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံ သတင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အလားတူသဘောထားကို ၁၉၅၆ ခုနှစ် မြန်မာပြည်သို့ လာရောက်လည်ပတ်ခဲ့သည့် ဝန်ကြီးချုပ် ချူအင်လိုင်းကလည်း ရှင်းလင်းစွာ ပြောကြားခဲ့ရာ၊ မြန်မာနိုင်ငံသား ခံယူထားသော တရုတ်အမျိုးသားများအနေဖြင့် ပင်လယ်ရပ်ခြား တရုတ်အမျိုးသား အဖွဲ့အစည်းများတွင် ပါဝင်ခွင့်မပြုရန်နှင့် တရုတ်နိုင်ငံသားအဖြစ် ခံယူထားသူများအနေဖြင့် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ကြရန် တားမြစ်ထားလေသည်။ နှစ်နိုင်ငံဆက်ဆံရေးအကြား တည်ရှိသောပြဿနာများ တရုတ်-မြန်မာ ဆက်ဆံရေးတွင် ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများကိစ္စအပြင်၊ အခြားသော ပြဿနာ ၃ ရပ်လည်း ရှိသေးသည်။ အဆိုပါ ၃ ရပ်မှာ မြန်မာ့နယ်နိမိတ်အတွင်း ရှိနေသော ကူမင်တန်(KMT)တပ်များ ပြဿနာ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုပြဿနာနှင့် ဗမာပြည် ကွန်မြူနစ်ပါတီနှင့်ပတ်သက်သည့် ပြဿနာတို့ ဖြစ်ကြသည်။ နှစ်နိုင်ငံတို့သည် ၁၉၅၄ ခုနှစ်တွင် ကုန်သွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် နယ်နိမိတ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် နှစ်နိုင်ငံတပ်မတော်များက ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ကာ ကူမင်တန်တပ်များကို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ မောင်းထုတ်နိုင်ခဲ့ကြလေသည်။ အဆိုပါကူမင်တန်တပ်များမှာ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့လွတ်မြောက်ရေး စစ်ပွဲကာလက စစ်ရှုံး၍ ထွက်ပြေးလာကြသော ချန်ကေရှိတ်၏ ကူမင်တန် တပ်ကြွင်းတပ်ကျန်များ ဖြစ်ကြသည်။ နိုင်ငံတကာဖိအားများကြောင့် ၁၉၄၅ ခုနှစ် မေလတွင် ထိုက်ဝမ်က ၎င်း၏တပ်အင်အား ၆၅၀၀ ကို မြန်မာ့မြေပေါ်မှ ရုပ်သိမ်းသွားခဲ့ပြီ ဖြစ်သော်လည်း တပ်အချို့မှာ ဆုတ်ခွာခြင်းမပြုဘဲ မြန်မာ့မြေပေါ်တွင် တွယ်ကပ်နေကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆန့်ကျင်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်များ အရောက်တွင် မြန်မာ့မြေပေါ်ရှိ ကူမင်တန်တပ် အရေအတွက်မှာ အမြင့်ဆုံးအဖြစ် တသောင်းခန့်အထိ ရှိလာသည်။ ကူမင်တန်တပ်တို့ ထိန်းချုပ်ထားသော ဧရိယာမှာ အကျယ် ၃၀၀ ကီလိုမီတာနှင့် အထူ ၁၀၀ ကီလိုမီတာခန့်ရှိပြီး တော တောင်ထူထပ်သောဒေသ ဖြစ်သည်။ မိုးရာသီမှာ ခြောက်လခန့် ကြာမြင့်တတ်ပြီး မြူခိုးများ အမြဲလိုလို အုံ့ဆိုင်းနေတတ်သည်။ သို့ဖြစ်၍ ထိုဒေသတွင် လမ်းညွှန်ရန်နှင့် ပစ်မှတ်ရှာဖွေရန် ခက်ခဲလေ့ရှိပြီး လူသွားလာနိုင်သောလမ်း နည်းပါးပြီး သဘာဝပတ်ဝန်းကျင်က ခက်ခဲကြမ်းတမ်းလှသည်။ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ယာယီဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက တရုတ်ပြည်သို့ အလည်အပတ် သွားရောက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြားရှိ သမိုင်းကြောင်းတလျှောက် အငြင်းပွားနေရသော နယ်နိမိတ်ပြဿနာ ဖြေရှင်းရေးအတွက် လက်မှတ်ရေးထိုးခဲ့လေသည်။ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလတွင် မြန်မာဝန်ကြီးချုပ် ဦးနုနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းတို့သည် တရုတ်ပြည်သို့ နောက်တကြိမ် ထပ်မံသွားရောက်ပြီး ဝန်ကြီးချုပ်ချူအင်လိုင်းနှင့် နယ်နိမိတ်စာချုပ်သစ်ကို လက်မှတ်ရေးထိုးကြပြန်သည်။ ထိုစာချုပ်မချုပ်ဆိုမီ ၁၉၆၀ ပြည့်နှစ် မေလက မြန်မာ့မြေပေါ်ရှိ ကူမင်တန်တပ်များကို အတူတကွ ပူးတွဲတိုက်ထုတ်ပစ်ကြရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိပြီးဖြစ်၍ တရုတ်-မြန်မာ နယ်နိမိတ် တိုင်းတာရေးဆွဲရေးကိစ္စကို ဆောင်ရွက်ရာတွင် လိုအပ်ပါက စစ်ရေးအရ အရေးယူဆောင်ရွက်ရန် လမ်းပွင့်သွားပြီး ဖြစ်ပေသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA သည် ၁၉၆၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် စစ်ဆင်ရေးများကို စတင်ခဲ့ပြီးနောက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တပ်အားလုံး မြန်မာ့မြေပေါ်မှ ပြန်လည်ရုပ်သိမ်းသွားခြင်းဖြင့် စစ်ဆင်ရေးကို အဆုံးသတ်ခဲ့လေသည်။ ဤသို့ဖြင့် တရုတ်-မြန်မာ နယ်နိမိတ်ပြဿနာနှင့် မြန်မာ့မြေပေါ်မှ ကူမင်တန်တပ်များ ပြဿနာကို အောင်မြင် စွာဖြေရှင်းနှိုင်ခဲ့လေသည်။ ၁၉၆၂ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေးမှာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်ပြီးသည့်နောက်ပိုင်းအထိ အပြောင်းအလဲ မရှိသေးပေ။ ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီက “တက်ကြွသော ကြားနေရေး”နှင့် ဘက်မလိုက်ရေးကို နိုင်ငံခြားရေးမူဝါဒအဖြစ် ကျင့်သုံးမည်ဟု ကြေညာသည်။ စစ်အာဏာသိမ်းအပြီး ၂ ရက်အကြာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက တော်လှန်ရေးကောင်စီအစိုးရကို အသိအမှတ်ပြုလိုက်လေသည်။ အာဏာသိမ်းအပြီး နှစ်လအကြာတွင် တော်လှန်ရေးကောင်စီက သူ၏ပေါ်လစီအများစု အခြေစိုက်သည့်  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟု ခေါ်ဆိုသော ဆိုရှယ်လစ်စီးပွားရေးအုတ်မြစ်ကို ချမှတ်ခဲ့လေသည်။ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ဆိုရှယ်လစ်စနစ်ကို ချီတက်ရန် ဗိုလ်ချုပ်ကြီးနေဝင်းသည် သူ၏ ပြည်သူပိုင်သိမ်းရေးစီမံကိန်းကို အကောင်အထည်ဖော်တော့သည်။ ထိုသို့ ပြည်သူပိုင်သိမ်းယူရာတွင် ၁၉၆၄-၆၅ ခုနှစ်အတွင်း တရုတ်စတိုးဆိုင်ပေါင်း ၆၇၀၀၊ ပီကင်းအစိုးရ၏ ဘဏ်နှစ်ဘဏ်၊ တရုတ်စာသင်ကျောင်းများနှင့် တရုတ်သတင်းစာများလည်း ပါဝင်သွားလေသည်။ ထိုအချိန် နောက်ပိုင်းမှစတင်၍ နိုင်ငံခြားဘာသာသင်စာသင်ကျောင်းများနှင့် နိုင်ငံခြားဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများအားလုံး အပိတ်ခံရလေရာ မြန်မာနိုင်ငံတွင် တရုတ်သြဇာ လွှမ်းမိုးမှုမှာ များစွာ ထိခိုက်သွားလေတော့သည်။ ထိုသို့ ပြည်သူပိုင်သိမ်းယူမှုများ ရှိသော်လည်း တရုတ်ပြည်သည် ဗိုလ်ချုပ်ကြီးနေဝင်း၏ ပေါ်လစီများကို ဆက်လက်ထောက်ခံ အားပေးနေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်မှုရှိသော်လည်း ဆက်လက်ထောက်ခံအားပေးရခြင်း အကြောင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဆောင်ရွက်ချက်များသည် အမှန်တကယ် ဆိုရှယ်လစ်စနစ်ဆီသို့ ချီတက်လိုသည့်ဆန္ဒရှိသည်ဟု ယူဆရန်ရှိသည်က တကြောင်း၊  မြန်မာနိုင်ငံအပေါ် သူ၏ သြဇာလျော့ကျမသွားစေလိုသည့် အတွက်ကြောင့်တကြောင်း ဖြစ်ပေသည်။ ၁၉၆၄ ခုနှစ် ဇွန်လတွင် ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာပြည်သို့ တိတ်တဆိတ်အလည်အပတ် လာရောက်ကာ ဗိုလ်ချုပ်ကြီးနေဝင်းအား အာဏာသိမ်းယူမည့် အကြံအစည်တခု ရှိနေကြောင်းကို ၎င်းတို့၏ထောက်လှမ်းရေး ကွန်ရက်မှ ရရှိထားသော အချက်အလက်များဖြင့် ပြောပြကူညီလေသည်။ ထို့ပြင် မြန်မာပြည်၏ နိုင်ငံရေးပြဿနာနှင့် ပြည်တွင်းရေးကိစ္စများကိုလည်း ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဆွေးနွေးသွားခဲ့သည်။ ထိုသို့ တရုတ်ပြည်က ဗိုလ်ချုပ်ကြီးနေဝင်းကို ကူညီအားပေးရသည့်အကြောင်းမှာ အကယ်၍ ၎င်းပြုတ်ကျသွားခဲ့လျင် မြန်မာပြည်သည် အနောက်အုပ်စုဘက်သို့ ယိမ်းယိုင်သွားကာ အမေရိကန်၏ သြဇာကြီးထွားလာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ပုံရသည်။ ထိုသို့ အမေရိကန်သြဇာ ကြီးထွားလာပါက အရှေ့တောင်အာရှတွင် အမေရိကန် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲအပေါ် သက်ရောက်မှုရှိလာမည်ကို စိုးရိမ်ပုံရလေသည်။ ၁၉၆၅ ခုနှစ်နောက်ပိုင်းတွင် တရုတ်ပြည်က မြန်မာ၏ ဗီယက်နမ်စစ်ပွဲအပေါ် ကြားနေရေးမူဝါဒနှင့် ကျူးကျော်သူ အမေရိကန်အား တက်တက်ကြွကြွ ဆန့်ကျင်ခြင်း မရှိမှုတို့ကြောင့် မြန်မာ၏ ဘက်မလိုက်ရေးမူဝါဒနှင့် ကြားနေရေးပေါ်လစီကို နှောင့်ယှက်မှုများ ရှိလာသည်။ ထို့ပြင် မြန်မာ့မြေပေါ်တွင် အိန္ဒိယဆန့်ကျင်ရေး မီဇို လက်နက်ကိုင်များကို တရုတ်ပြည်က သင်တန်းပေးမည့် အစီအစဉ်ကို မြန်မာက မထောက်ခံခြင်းကိုလည်း တရုတ်က မကျေနပ်ချေ။ အခြားတဖက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် မြန်မာအနေဖြင့် အထီးကျန်မနေသင့်ဘဲ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် ဆက်ဆံရေးများ တိုးချဲ့ရန် လိုအပ်ပုံကို သိရှိလာသည်။ သို့ဖြစ်၍ အိန္ဒိယ၊ ဆိုဗီယက်ယူနီယံ၊ ပါကစ္စတန်၊ ချက်ကိုဆလိုဗက်ကီးယား၊ ထိုင်း၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့သို့ အလည်အပတ်ခရီး ထွက်ခဲ့လေသည်။ ထို့ပြင် အတတ်ပညာ အကူအညီပေးရန် တရုတ်၏ ကမ်းလှမ်းချက်ကို အကြောင်းမပြန်ခဲ့ဘဲ ထိုစဉ်က တရုတ်ပြည်၏ ရန်ဘက်ဖြစ်သော ဆိုဗီယက်ယူနီယံထံမှ အတတ်ပညာ အကူအညီရယူရင်း ဆက်ဆံရေးကောင်းမွန်ရန် အခြေပျိုးခဲ့သည်။ ထိုသို့သော အခြေအနေများက တရုတ်ပြည်အနေဖြင့် ယဉ်ကျေးမှုတော်လှန်ရေးကို မြန်မာနိုင်ငံသို့ တင်ပို့ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်ပုံရလေသည်။ ထိုယဉ်ကျေးမှုတော်လှန်ရေး ဂယက်ကြောင့် ၁၉၆၇ ခုနှစ် တရုတ်အရေးအခင်း ဖြစ်ပေါ်လာစေပြီး၊ ထိုအရေးအခင်း၏ အကျိုးဆက်အဖြစ် အရှေ့မြောက်ဒေသတွင် ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ) အင်နှင့် အားနှင့် ပေါ်ထွန်းလာစေခဲ့တော့သည်။ ယဉ်ကျေးမှုတော်လှန်ရေး အကျိုးဆက်နှင့် တရုတ်-မြန်မာ အရေးအခင်း ယဉ်ကျေးမှုတော်လှန်ရေးမှာ တရုတ်ပြည်တွင် ၁၉၆၆ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်ရှိ တရုတ်လူ့အဖွဲ့အစည်းအတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်လာသည်။ မြန်မာပြည်ရှိ အစိုးရ စာသင်ကျောင်းများတွင် တရုတ်ကျောင်းသားများက မော်စီတုံးပုံ ရင်ထိုး တံဆိပ်များကို တပ်ဆင်ခြင်းဖြင့် ကျောင်းအာဏာပိုင်တို့၏ အမိန့်ကို ဖီဆန်ကြလေသည်။ သို့ဖြစ်၍ ရန်ကုန်ရှိ အမှတ် ၃ အမျိုးသားမူလတန်းကျောင်း (ယခင် တရုတ်မိန်းကလေး အလယ်တန်းကျောင်း)၌ ၁၉၆၇ ခုနှစ် ဇွန်လ ၂၂ ရက်တွင် ကျောင်းသားများနှင့် ဆရာများအကြား ပဋိပက္ခ စတင်ဖြစ်ပွားလေတော့သည်။ အဆိုပါပဋိပက္ခက ထို့နောက်ပိုင်း လေးရက်အကြာတွင် တရုတ်နှင့် မြန်မာတို့အကြား ရန်ပွဲများကို ဆက်လက်ဖြစ်ပွားစေခဲ့သည်။ ကျုံးစန်း အလယ်တန်းကျောင်းတွင်လည်း အလားတူ ပဋိပက္ခမျိုး ဖြစ်ပွားလေသည်။ ခေါင်းဆောင်ကျောင်းသားများက ကျောင်းသားအားလုံးကို ကျောင်းတံခါး ပိတ်လှောင်ကာ ဆရာ၊ ဆရာမများကို ဆန္ဒပြခဲ့ရာ ရဲများက ဝင်ရောက်ဖျန်ဖြေမှ ပဋိပက္ခပြေငြိမ်းသွားသည်။ အဆိုပါ တရုတ်ကျောင်းနှစ်ကျောင်း၏ ပြဿနာ နှစ်ရပ်ကို ဖြေရှင်းပြီးဖြစ်သော်လည်း တရုတ်ကျောင်းသားတို့မှာ ရန်ကုန်ရှိ တရုတ်သံရုံး၏ ထောက်ခံအားပေးမှုဖြင့် မော်စီတုံး၏ ရင်ထိုးတံဆိပ်များကို ဆက်လက်တပ်ဆင်ခဲ့ကြသည်။ သို့ဖြစ်၍ အရေးအခင်းမှာ ဇွန်လ ၂၆ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ကာ ၂၈ ရက်နေ့တွင် ပြီးဆုံးသွားသည်။ အရေးအခင်းအတွင်း သံရုံးဝန်ထမ်းတဦး အပါအဝင် တရုတ်လူမျိုး ၃၁ ယောက် သေဆုံးပြီး၊ ၃၁ ယောက် ဒဏ်ရာအနာတရဖြစ်ကာ အများအပြား အဖမ်းခံရသည်။ မြန်မာအစိုးရက ၁၉၆၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီး ရန်ကုန်ရှိ တရုတ်သံရုံးနှင့် တရုတ်တန်းတို့ကို တင်းကျပ်စွာ အစောင့်ချထားလိုက်သည်။ ထို့နောက် မြန်မာပြည်ရှိ တရုတ်လူမျိုးများကို တရုတ်ပြည်သို့ နှင်ထုတ်မှုများ ပြုလုပ်ခဲ့ရာ နှစ်နိုင်ငံအကြား ပိုမိုတင်းမာလာလေသည်။ တရုတ်-မြန်မာ ချစ်ကြည်ရေးမှာ ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ပျက်စီးသွားလေပြီ။ နှစ်နိုင်ငံ သံအမတ်ကြီးများကို ပြန်လည်ခေါ်ယူခဲ့ကြပြီး ကောင်စစ်ဝန် အဆင့်ဖြင့်သာ ထားခဲ့ကြရာ ၁၉၇၀ ပြည့်နှစ်အထိ ဖြစ်သည်။ တရုတ်အရေးအခင်း ဖြစ်ပွားအပြီး လအနနည်းငယ်အကြာတွင် တရုတ်ပြည်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ စစ်မှန်သော လွတ်မြောက်ရေးတိုက်ပွဲကို ထောက်ခံကြောင်း ကြေညာပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်နှစ်ယောက်ကို ဝန်ကြီးချုပ် ချူအင်လိုင်းနှင့်အတူ မိန့်ခွန်း ပြောခွင့်ပေးခဲ့လေသည်။ ပီကင်း၏ သတင်းမီဒီယာများတွင် တရုတ်ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံကြောင်း ဗြောင်ကျကျဖော်ပြကြပြီး၊ လက်နက်ခဲယမ်းနှင့် လေ့ကျင့်ရေးများကို စတင်ထောက်ပံ့ခဲ့သည်။ ထို့နောက် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ်ဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီက မြန်မာ့တပ်မတော်ကို စတင်တိုက်ခိုက်ခြင်းဖြင့် အရှေ့မြောက်နယ်စပ် ဒေသတွင် အခြေခံဒေသကို တည်ဆောက်လေသည်။ ၁၉၆၈ ခုနှစ်နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီလှုပ်ရှားမှု ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ တရုတ်ပြည်သည် ဗမာပြည်ကွန်မြူနစ်ပါတီကို အင်တိုက်အားတိုက် ထောက်ခံပံ့ပိုးခဲ့ပြီး မြန်မာအစိုးရတပ်များကို အောင်မြင်စွာ တိုက်ထုတ်ကာ အခြေခံဒေသကို ထူထောင်နိုင်ခဲ့ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှ တဆင့် ကချင်၊ ရှမ်း၊ ပအို့ဝ်၊ ကရင်နီ၊ နာဂ စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့လည်း လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့လေသည်။ ဗမာပြည်က ကွန်မြူနစ်ပါတီသည် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးတွဲကာ အစိုးရတပ်မတော်ကို တိုက်ပွဲဆင်နွှဲမှုများလည်း လုပ်ခဲ့ကြသည်။ ၁၉၇၇ ခုနှစ်တွင် ဦးနေဝင်းက တရုတ်ပြည်သို့ သွားရောက်လည်ပတ်ကာ ချစ်ကြည်ရေး ပြန်စခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် မြန်မာနိုင်ငံရှိ စီမံကိန်းအရပ်ရပ်အတွက် ဒေါ်လာ ၆၃ သန်း တန်ဖိုးရှိသော အကူအညီများပေးရန် သဘောတူစာချုပ် လက်မှတ်ထိုးလိုက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်နွေးထွေးလာစေခဲ့သည်။ ၁၉၇၉ ခုနှစ် စက်တင်ဘာလက ကျင်းပသော ဟာဗနာ ကွန်ဖရင့်တွင် ဆိုဗီယက်ယူနီယံနှင့် ဗီယက်နမ်တို့၏ လွှမ်းမိုးမှုကို ဆန့်ကျင်သောအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုမှ မြန်မာက နုတ်ထွက်လိုက်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟွမ်ဟွာက ရန်ကုန်သို့ လာရောက်လည်ပတ်လေသည်။ ၁၉၇၀ ပြည့်နှစ်များတွင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာသည်။ တိန့်ရှောက်ဖိန် ခေါင်းဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံတကာ တော်လှန်ရေးများကို အကူအညီပေးမှု ရပ်ဆိုင်းခဲ့ရာ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့မှုလည်း တဖြည်းဖြည်းလျှော့ချကာ ရပ်ဆိုင်းခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးလျက် နယ်စပ် ကုန်သွယ်ရေးကို တရားဝင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ရှစ်လေးလုံး လူထုလှုပ်ရှားမှုနှင့် ထိန်အန်မင်ရင်ပြင် လူထုလှုပ်ရှားမှု ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ပြုတ်ကျသွားလေသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးစောမောင် ခေါင်းဆောင်သော တပ်မတော်က အာဏာသိမ်းလိုက်ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီကို ဖွဲ့စည်းလိုက်သည်။ ထို့နည်းတူ တရုတ်ပြည်တွင်လည်း ၁၉၈၉ ခုနှစ်တွင် ထိန်အန်မင်ရင်ပြင် လူထုလှုပ်ရှားမှု ပေါ်ပေါက်လာပြီး အကြမ်းဖက်နှိမ်နင်းခဲ့ရလေသည်။ ဤဖြစ်ရပ်နှစ်ခုက နှစ်နိုင်ငံလုံးတွင် အပြန်အလှန် စာနာစိတ်ကို ဖြစ်ပေါ်စေပုံရသည်။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းခြင်းကြောင့် နိုင်ငံတကာက ဝိုင်းပယ်ထားခံရသည့် မြန်မာကို တရုတ်အစိုးရက ဖေးမခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် တရုတ်ခေါင်းဆောင်များက ၎င်းတို့ပါတီ၏ နိုင်ငံတကာ တော်လှန်ရေးများကို မထောက်ပံ့တော့သည့် ပေါ်လစီသစ်နှင့်အညီ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များအား အနားယူကြရန် တိုက်တွန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက် (ထိန်အန်းမင်ရင်ပြင် လူထုလှုပ်ရှားမှုမတိုင်မီ) ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း တပ်တွင်း ပုန်ကန် အာဏာသိမ်းမှုကြီး ဖြစ်ပွားခဲ့ကာ ဝ၊ ကိုးကန့်၊ ကချင်နှင့် အခါ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအဖြစ် ကွဲထွက်သွားလေတော့သည်။ အာဏာသိမ်း စစ်အစိုးရဖြစ်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကောင်စီသည် အကြမ်းဖက်နှိပ်ကွပ်မှုများကြောင့် နိုင်ငံတကာ၏ ပြစ်တင်ပြောဆိုမှု ဖိအားနှင့် ဝိုင်းပယ်မှုကို ခံလာရသည့်အခါ စာနာနားလည်နိုင်သည့် တရုတ်ပြည်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ကြိုးစားလာရပြီး မိမိကိုယ်ကို အားပေးခဲ့ရသည်။ အပြန်အလှန်အားဖြင့် နိုင်ငံတကာ ဝိုင်းပယ်မှုကို ခံနေရသော မြန်မာစစ်အစိုးရကို အကူအညီပေးခြင်းဖြင့် တရုတ်ပြည်၏ သြဇာလည်း တဖြည်းဖြည်း ကြီးမားလာလေတော့သည်။ ရဲထွန်း (သီပေါ)

A d v e r t i s e m e n t With Us

More News
Up