DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အီးယူကိုယ်စားလှယ်အဖွဲ့ မေးခွန်းထုတ်
DVB
·
February 28, 2012
စစ်တပ်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အီးယူကိုယ်စားလှယ်အဖွဲ့ မေးခွန်းထုတ်
Donate to DVB

မြန်မာပြည်ရောက်နေတဲ့ ဥရောပသမဂ္ဂ ပါလီမန်က အမတ် ၁၁ ယောက်ပါတဲ့ အဖွဲ့ဟာ နေပြည်တော်မှာ အမျိုးသားလွှတ်တော်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

မနက် ၉ နာရီမှ ၁၀ နာရီအထိ တွေ့ဆုံတဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာပြည်က နိုင်ငံရေးအပြောင်းအလဲ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုသားလွတ်တော်ရဲ့ နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က အခုလို ပြန်ပြောပါတယ်။

“ပထမဦးဆုံး  လာတဲ့ခရီးစဉ်ပါပဲ။ သူတို့ဘက်က မေးမြန်းတာပေါ့။ လက်ရှိ အစိုးရအပေါ်မှာ၊ ပါလီမန်ရဲ့လုပ်ငန်းတွေအပေါ်မှာ သူတို့ယူဆတာတွေကို မေးမြန်းကြတယ်။ မိတ်ဆက်တာလည်း ပါတာပေါ့။ သူတို့ ပါလီမန်အကြောင်းလည်း ရှင်းပြပါတယ်။ သူတို့ ပါလီမန်မှာ ဘယ်နှဖွဲ့ပါတယ်။ နိုင်ငံပေါင်း ဘယ်လောက်ပါတယ်။ ကျနော်တို့ ပါလီမန်အကြောင်းလည်း မေးတာပေါ့။

အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ဆက်စပ်မှုတွေ၊ ဥပဒေပြုမှုရယ်၊ အစိုးရရဲ့ ရှေ့နေပေါ့၊ နောက်ကြောင်း ပြန်မသွားဘူးဆိုတာမျိုး ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေရယ်၊ စစ်တပ်က အာဏာသိမ်းမှုတွေ၊ တပ်မတော်သားတွေ ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ကိစ္စတွေ အဲဒါတွေကိုလည်း ကျနော်တို့ ရှင်းသွားပါတယ်။ နာယကကြီးကဆိုရင် လူထုက တောင်းဆိုလာတဲ့ ကာလတခုမှာတော့ ဒီရာခိုင်နှုန်းဆိုတာက ရှိချင်မှ ရှိတော့မှာပါဆိုတဲ့ သဘောမျိုးပြောသွားပါတယ်။ သူတို့မေးတဲ့ မေးခွန်းတွေပေါ်မှာ နာယကကြီးက ရှင်းပြသွားတာပါ။”

ဂျာမနီအမတ် မစ္စတာ ၀ါနာလန်ဂျင် ဦးဆောင်တဲ့ အဖွဲ့ရဲ့ ခရီးဟာ အီးယူအမတ်တွေရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ်ဖြစ်ပြီး ပါလီမန် အချင်းချင်း ဆက်ဆံရေးကို တရားဝင် တည်ဆောက်ဖို့ ရည်ရွယ်တယ်လို့ အီးယူက သတင်းထုတ်ပြန်ထားပါတယ်။

အီးယူအမတ်တွေရဲ့ ဒီခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်၊ ၀န်ကြီးတွေ၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ အတိုက်အခံတွေနဲ့ တွေ့ဆုံဖို့ ရည်ရွယ်ထားတာပါ။

အမတ်တွေဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ မြန်မာအစိုးရ ၀န်ကြီးတချို့နဲ့ တွေ့ဆုံခဲ့ပြီး မနက်ဖြန်  ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ အီးယူပါလီမန်မှာ တက်ရောက် မိန့်ခွန်းပြောဖို့ ဖိတ်ကြားမယ်လို့ ဆိုပါတယ်။

အီးယူပါလီမန် အဖွဲ့ဟာ မြန်မာပြည်က လက်ရှိ အပြုသဘော ပြုပြင်မှုတွေအပေါ် ကြိုဆိုထားပြီး မြန်မာပြည်အပေါ် ဒဏ်ခတ် ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းဖို့ကိစ္စဟာ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအပေါ်မှာ မူတည်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒီခရီးစဉ်အတွင်းမှာ မြန်မာပြည်က ဒီမိုကရေစီတည်ဆောက်နေတာကို ထောက်ခံကြောင်း၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးကို လေးစားဖို့နဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရေး အောင်မြင်အောင်လုပ်ဖို့ တိုက်တွန်းသွားမယ်လို့ အီးယူက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013