လားရှိုးမြို့နယ်တွင် အသိမ်းခံရသည့်မြေကိစ္စ ဒု သမ္မတထံ တိုင်ကြား

2.6K
ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ အဓမ္မ အသိမ်းခံထားရတဲ့ ရှမ်းပြည်နယ် လားရှိုးမြို့နယ်က လယ်မြေတွေ ပြန်ရဖို့ ဒေသခံလယ်သမားတွေက ဒုသမ္မတ စိုင်းမောက်ခမ်းကို တိုင်ကြားခဲ့ပါတယ်။
အရင် စစ်အစိုးရ လက်ထက်ကတည်းက မတရား အသိမ်းခံထားရတဲ့ မြေကွက်တွေ ပြန်ရဖို့အတွက် လားရှိုးမြို့ ၅ ရပ်ကွက်နဲ့ ၁၂ ရပ်ကွက်က ဒေသခံတွေ တိုင်ကြားခဲ့တာပါ။
မြေကွက် အသိမ်းခံထားရတာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပေမယ့်လည်း သမ္မတဦးသိန်းစိန် လက်ထက်မှာမှ တိုင်ကြားတာဖြစ်အကြောင်း လားရှိုးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးစိုင်းစံမင်းက ပြောပါတယ်။
“နီးစပ်ရာပေါ့။ သိမ်းနီဖြစ်ဖြစ်၊ ကျောက်မဲဖြစ်ဖြစ် သတင်းတွေက ရလာတယ်။ ဒီလို လယ်ယာတွေ ပြန်ရတယ် ဆိုပြီးတော့ လာ တိုင်ပင်တော့ ကျနော်တို့ နည်းလမ်း ပြပြီးတော့ ဘယ်လိုလုပ်ရမယ်။ သူတို့ကိုယ်တိုင် ဥပမာ - အယောက် ၂၀ ဆိုရင် အကုန်လုံး လက်မှတ်ထိုး။ အဲဒီထဲက ၂ ယောက်၊ ၃ယောက်က မြန်မာ့ဆက်သွယ်ရေးရုံးကို ကိုယ်တိုင်ကိုယ်ကျ သွားပို့တယ်။
ပြည်ထောင်စု အစိုးရရယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လယ်ယာနဲ့ စိုက်ပျိုးရေး ၀န်ကြီးဌာနတို့နဲ့ ကော်မတီပို်င်းဆိုင်ရာတွေကိုပါ ပို့ထားပါတယ်။”
တိုင်ကြားစာကို ပြီးခဲ့တဲ့ တလကျော်က ပေးပို့ထားပေမယ့် သက်ဆိုင်ရာက ပြန်အကြောင်းမကြားတဲ့အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဒု - သမ္မတ စိုင်းမောက်ခမ်း လားရှိုးမြို့ မြို့တော်ခန်းမမှာ ဟောပြောပွဲလုပ်တုန်း ကျားဖြူပါတီ ကိုယ်စားလှယ်တွေက ထပ်ပြီး တင်ပြခဲ့တာလို့ ဦးစိုင်းစံမင်းက ပြောပါတယ်။
အသိမ်းခံရတဲ့ မြေတွေဟာ ၅ ရပ်ကွက် ထဲမှာ ဧကပေါင်း ၂၀ ကျော်ရှိပြီး အထွေထွေအုပ်ချုပ်ရေးရုံး နဲ့ မြေတိုင်းရုံးက လာရောက် တိုင်းထွာ သိမ်းယူထားတာ ဖြစ်တယ်။
အဲဒီမြေပေါ်မှာ လောလောဆယ် ဓာတ်အားခွဲစက်ရုံ တည်ဆောက်နေပြီး တချို့ကို အကွက်ရိုက်ပြီး ကာလပေါက်ဈေးနဲ့ ရောင်းထားပါတယ်။ ဒါပေမယ့် ပိုင်ရှင်ဖြစ်တဲ့ ဒေသခံတွေကတော့ လျော်ကြေး မရခဲ့ပါဘူး။
တိုင်စာပေးပို့ထားတဲ့နောက် လယ်ပိုင်ရှင်တချို့ကို မြို့နယ်ရုံးက မီတာဘောက်စ် တလုံးစီ ထုတ်ပေးပြီး ဖျောင်းဖျခဲ့ပေမယ့် ကျေနပ်စရာ မရှိကြောင်း လားရှိုးဒေသခံ တဦးက ပြောပါတယ်။
လားရှိုးမြို့ ၁၂ ရပ်ကွက်က ဒေသခံ ၃ ဦး ပိုင်ဆိုင်တဲ့ မြေ ဧက ၁၀ ကျော် ကို ကားကြီးကွင်းလုပ်ဖို့ဆိုပြီး အရင် ရ၀တ ဥက္ကဋ္ဌက ၁၉၉၁ ခုနှစ်မှာ သိမ်းယူခဲ့ပါတယ်။ မြေ ၂ ဧက ကျော်ကိုပဲ ကားကြီးကွင်းအတွက် သုံးပြီး ကျန်တဲ့မြေတွေကို ငှားရမ်းထားတယ်လို့ ဒေသခံက ပြောပါတယ်။
အဆိုပါမြေထဲကနေ အကျယ် ပေ ၇၀ x ၈၀ လောက်ရှိတဲ့ မြေ ၁ ကွက်ကို သိန်း ၃၅၀ နဲ့ ၂၀၁၁ နှစ် ဇူလိုင်လက ရောင်းစားခဲ့ကြောင်းကိုလည်း ဒု - သမ္မတကြီးဆီ တိုင်ကြားခဲ့သလို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်နဲ့ ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူးတို့ကိုလည်း မိတ္တူပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။