ထိုင်းတောင်ပိုင်းတွင် ထိုင်းငွေစက္ကူအတုလုပ်သည့် မြန်မာနိုင်ငံသား ၂ ဦး ဖမ်းမိ
DVB
·
July 16, 2017
ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ်ထဲမှာ ထိုင်းဘတ်ငွေအတုလုပ်တဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ ဘန်ကောက်စီးပွားရေးသတင်းမှာ ဖော်ပြပါတယ်။
ကရပူရီမြို့နယ် မမုရပ်ကွက် နယ်မြေ ၅ ရှိ နေအိမ်တစ်လုံးမှာ မသင်္ကာဘွယ်လူတွေရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက တိုင်ကြားလာတဲ့အတွက် ဇူလိုင် ၁၅ ရက်နေ့က ဆီအုန်းခြံထဲရှိ အဆိုပါ နေအိမ်ကို တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးပြီး ငွေစက္ကူအတုလုပ်တဲ့ စက်နဲ့အတူ လူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ အမှတ် ၂၅ အထူးတိုက်ခိုက်ရေးတပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး ဆာန်တီ ဆကွန်းတနတ်က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ လူ ၂ ဦးမှာ အသက် ၄၅ နှစ်ရွယ် အဒါရ်ကူးမာရ် အမည်ရှိ အိန္ဒိယနွယ်ဘွား မြန်မာနိုင်ငံသား တစ်ဦးနဲ့ အသက် ၅၀ ရှိ နိုင်လေး ခေါ် မြန်မာနိုင်ငံသား တစ်ဦးတို့ဖြစ်ပြီး၊ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့်အထောက်အထားတစ်စုံတရာမရှိကြောင်း၊ သူတို့နေတဲ့ အိမ်ထဲကနေ နံပါတ် 6 อ 3111245 ပါ ဘတ် ၅၀၀ တန် ငွေစက္ကူ ၂ ရွက်၊ နံပါတ် 2 ค 5110111 ပါ ဘတ် ၅၀၀ တန် ငွေစက္ကူတစ်ရွက်၊ ပုံနှိပ်ပရင်တာ တစ်လုံး၊ ရောင်စုံမှင် ၄ ဗူး နဲ့ A4 အမျိုးအစား ဗလာစက္ကူတစ်ထပ် ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူ ၂ ဦးကတော့ သူတို့ဟာ အဲဒီငွေစက္ကူထုတ်သူ မဟုတ်ကြောင်း၊ လွန်ခဲ့တဲ့ ၆ လက သူတို့ဆီမှာ လာရောက်တည်းခိုနေထိုင်သူ A Jax အမည်ရှိ အိန္ဒိယနိုင်ငံသားတစ်ဦးရဲ့ ပစ္စည်း တွေဖြစ်ပြီး A Jax ကတော့ ဘန်ကောက်ကို သွားနေတယ်လို့ ပြောပါတယ်။
A Jax နဲ့ သူတို့ဟာ တခန်းစီနေကြတဲ့အတွက် သူ့ဆီမှာ အဲဒီပစ္စည်းရှိမှန်းမသိကြောင်း၊ လွန်ခဲ့တဲ့ 3 - 4 ရက်ကတော့ သူ့အခန်းထဲကနေ စက်က မိနစ် ၂၀ လောက် အသံမြည်နေခဲ့ကြောင်း၊ A Jax က ငွေစက္ကူပရင့်ထုတ်နေတယ်လို့ ယူဆကြောင်း ပြောပါတယ်။
တာဝန်ရှိသူတွေကတော့ သူတို့ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ထပ်ကွင်းဆက်တွေ ဆက်လက်စုံစမ်းအရေးယူသွားမယ်လို့ ဗိုလ်မှူးကြီး ဆာန်တီ ဆကွန်းတနတ်က ပြောသွား ပါတယ်။