အဆိပ်ရှိဖားသားနှင့်ဥများ စားမိရာမှ အစာအဆိပ်သင့်ဖြစ်ပြီး ၂ ဦးသေဆုံး
DVB
·
July 16, 2017
မွန်ပြည်နယ် ရေးမြို့နယ် ကျောက်မိချောင်း ကျေးရွာအုပ်စု ဝယ်ဇင်ကျေးရွာရှိ ဦးထွန်းဦးပိုင် ရာဘာခြံမှာ ဇူလိုင် ၁၅ ရက် မနက်က ခြံလုပ်သား ၄ ဦးမှာ ဖားဥတွေစားမိရာကနေ ၂ ဦး သေဆုံးသွားပါတယ်။
ရာဘာခြံပိုင်ရှင် ဦးထွန်းဦးရဲ့ သားဖြစ်သူ ဦးဝင်းဦးနဲ့အတူ အဘော်ကျေးရွာနေ ခြံလုပ်သားတွေ ဖြစ်ကြတဲ့ ဇော်မင်းထက်၊ စိုက်ချမ်း၊ မောင်မြင့်လေးနဲ့ အောင်ကျော်ဌေးတို့ ဖားလိုက်လံရှာရာမှ အမျိုးအမည်မသိ ကျောကုန်းအဖုအထစ်တွေပါရှိပြီး အလေးချိန် ၈၀ ကျပ်သားလောက်ရှိတဲ့ ဖား ၂ ကောင်အနက် ဥပါတဲ့ ဖားကို မီးကင်ချက်ပြုတ်စားပြီးနောက် အော့အန်ကာ ရေးဆေးရုံကို ပို့ဆောင်နေစဉ် လမ်းမှာ ဝင်းဦးက သေဆုံးခဲ့တယ်လို့ ခြံရှင် ဦးထွန်းဦးက ပြောပါတယ်။
ဇော်မင်းထက်မှာလည်း ရေးဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စိုက်ချမ်းနဲ့ မောင်မြင့်လေးတို့ကတော့ စိုးရိမ်ရပြီး အတွင်းလူနာအဖြစ် ဆေးကုသခံယူနေရတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၂ ဦးမှာ ဆရာဝန်တွေရဲ့ဆေးစစ်တွေ့ရှိချက်အရ အဆိပ်ရှိဖားအား စားမိလို့ အစာအဆိပ်သင့်ကာ သေဆုံးတာဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာ မေစန်းချိုက အတည်ပြုပြောကြားပါတယ်။