Home
မြန်မာသတင်း
နဘုလယ်ကျေးရွာအုပ်စု ပုဝါရွာတွင် ပိုင်ရှင်မသိဘဲ လယ်မြေကို ဘူဒိုဇာဖြင့် ထိုးဖျက်
အေးနိုင်
·
February 27, 2012
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ စီမံကိန်း အကောင်အထည်ဖော်နေရာမှာ ဒေသခံတွေရဲ့ လယ်မြေတွေကို ကြိုတင်ခွင့်ပြုချက်မယူဘဲ မြေတူးစက်နဲ့ ထိုးချေနေပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး တနင်္သာရီတိုင်းက နာဘုလယ် ကျေးရွာအုပ်စုအပိုင် ပုဝါကျေးရွာမှာ အိုင်တီဒီအမည်ရှိတဲ့ ကုမ္ပဏီက ရွာသူရွာသားတွေ ပိုင်တဲ့ လယ်မြေကို ဘူဒိုဇာနဲ့ ထိုးပြီး လမ်းဖောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုလုပ်ဆောင်တာကို ကြိုတင်အသိပေးတာ မရှိသလို လယ်ပိုင်ရှင်တွေကိုလည်း အကြောင်းမကြားဘဲ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၁ ရက်က မငွေသီးနဲ့ မသီနွယ်ဦး သားအဖ လုပ်ကိုင် စားသောက်နေတဲ့ လယ်ကွက်ကို ကြိုတင် အကြောင်းမကြားဘဲ လမ်းဖောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လယ်သမား ဦးဥာဏ်သိန်းက “တန်ရာတန်ကြေးမပေးဘဲနဲ့ အတင်းအဓမ္မ ခြိမ်းခြောက်ပြီး ယူသွားတယ်။ ဒီတော့ လယ်သမားတွေက မကျေနပ်ဘူး။ ကျနော်တို့ လယ်ဧကတွေက စပါး အထွက်ကောင်းရင် တဧကကို သိန်း ၅၀ လောက် ရှိတာပေါ့လေ၊ နစ်နာကြေးတော့ တဧကကို ၉ သိန်း ပေးတယ်လို့ ပြောတယ်။ အတင်းအဓမ္မလုပ်တာ။ တဦးတော့ ပါသွားတယ်။ ကျနော်နဲ့ ကျနော့်အကို မပါသေးဘူး။ ကျနော် တားမြစ်ထားတယ်လေ။” သူတို့ညီအစ်မမှာ အသက် ၈၀ အရွယ် ဖခင်အိုကြီး ဦးစံသွန်းက ဘုန်းကြီးဝတ်နေသလို မငွေသီးလည်း အိမ်မှာ မရှိခိုက် မသီနွယ်ဦး တဦးတည်းရှိနေတုန်း မြေတူးစက်နဲ့ လာတူးတာဖြစ်ပြီး၊ မြေတူးသူတွေကို မဟန့်တားဖြစ်ဘူးလို့ မသီနွယ်ဦးရဲ့ အိမ်နီးချင်း အမျိုးသမီးက ပြောပါတယ်။ “ကျမနဲ့ ရွယ်တူ တယောက် ရှိတယ်။ သူက မပြောရဲဘူး။ ကျမကို လာခေါ်တယ်။ သူတို့လယ်ဆိုတော့ မလိုက်ဖြစ်ဘူးပေါ့။ သူတို့လည်း သွားမပြောရဲဘူး။ အဲ့မှာ ယိုးဒယားတွေလည်းရှိသလို မြန်မာတွေလည်းရှိတယ်။” ဒီမြေတူးစက်ဟာ သူလယ်ကွက်နဲ့ သူ့အစ်ကို လယ်ကွက်ကိုပါ ထိုးဖို့ ပြင်နေတာကြောင့် ကိုယ့်မြေကို ဓာတ်ပုံရိုက်ယူပြီး သွားရောက် တားမြစ်ခဲ့တယ်လို့ ဦးဥာဏ်သိန်းက ပြောပါတယ်။ “ကျနော့်လယ်မှာ သူတို့ ထိုးဖို့လုပ်တာနဲ့ ကျနော် ဓာတ်ပုံရိုက်ပြီးတော့ တားတယ်။ အဲဒီမြေကို ၉ သိန်း ပဲပေးတယ်။ ၉ သိန်းဆိုတော့ တန်ရာတန်ကြေးပေးရင် လူကြီးကို ကျနော်ရောင်းပေးမယ်လို့ ပြောတာပဲ။ သူတို့က တန်ရာတန်ကြေး မပေးဘူးဆိုတော့ နစ်နာလွန်အားကြီးတာပေါ့။” လယ်ဖျက်ခံရတဲ့ ဦးစံသွန်းတို့ သားအဖကတော့ ဘယ်ကို တိုင်ရမှန်း မသိဖြစ်နေတယ်လို့ သူကပြောပြပါတယ်။ လတ်တလောမှာတော့ အိုင်တီဒီကုမ္ပဏီက မြေတူးတာကို ခဏရပ်ထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024