ရခိုင်ပြည်နယ်ရှိ နတ်မော်-ဇီးကုန်းတံတား ချဉ်းကပ်လမ်း ၂ လအတွင်းပြိုကျပျက်စီး
DVB
·
July 14, 2017
ပြည်နယ်အစိုးရရဲ့ဘတ်ဂျက်နဲ့ သုံးစွဲတည်ဆောက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ နတ်မော်-ဇီးကိုင်းတောင်တံတား ချဉ်းကပ်လမ်းဟာ ခိုင်ခန့်မှုမရှိတာကြောင့် ဆောက်လုပ်ပြီးစီးလို့ ၂ လအတွင်းပြိုကျပျက်စီးသွားပါတယ်။
တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာ နတ်မော်ချောင်းနတ်မော်-ဇီးကိုင်းတောင်တံတား ချဉ်းကပ်လမ်းကို သံချည်သံကွေးနဲ့ တံတားပုံစံမလုပ်ပဲ မြေသားဖို့ပုံစံလုပ်ခဲ့တဲ့အတွက် ဆောက်လုပ်ပြီးလို့ ၂ လအတွင်းမှာပဲ အခုလိုပြိုကျ ပျက်စီးသွားတာပါ။
တောင်ကုတ်မြို့နယ်၊နတ်မော်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ထွန်းက “ဒီလိုပုံစံမျိုးလုပ်မယ့်အစားမြေသား မဟုတ်ဘဲ တံတားပုံစံလုပ်ရန်ကောင်းမယ်ဗျ။ ဒီတံတားက ၂၀၁၅- ၂၀၁၆ခုနှစ် ဘတ်ဂျတ်နဲ့လုပ်တာပါ။ အခု လုပ်လို့ နှစ်လအတွင်းမှာပဲ ချဉ်းကပ်လမ်းတွေ အကုန်ပြိုကျ ပျက်းစီးသွားပါတယ်။ အခုဒီတံတားကိုမှီခို သွားလာနေတဲ့ သူတွေ ဒုက္ခရောက်နေပြီပေါ့။ သွားရလာရတာ အဆင်မပြေတော့ဘူးလေ။ ဒီတံတားပြိုကျသွားတဲ့အခါ ကျနော်ကော်မတီ ဘက်ကိုအကြောင်း ကြားပါတယ်။ သူတို့က လာမကြည့်ပါဘူး။ နောက်ပြီးဒီတံတားကို မြေသားပုံမျိုးမလုပ်ဘဲ တံတားလေး ပုံစံလုပ်ဖို့ အကြံပြုတယ်။ ဒါပေမယ့်အဆင်မပြေဘူးလေ။ အခုပြိုကျပြီလေ၊ မိုးရွာအရမ်းရွာတာလည်း မဟုတ်ဘူး” လို့ပြောပါတယ်။
ချဉ်းကပ်လမ်းတည်ဆောက်ရာမှာသံချဉ်သံကွေး သုံးစွဲထားတာမရှိဘဲ အုတ်နဲ့ ဘိလပ်မြေကိုသာသုံးစွဲပြီး နံရံတဖက်တစ်ချပ်စီနဲ့ မြေသားဖို့ပြီး ဆောက်လုပ်ထားခဲ့တာကြောင့် ချဉ်ကပ်လမ်းမှာ ခိုင်ခန့်မှုမရှိပဲ မိုးဦးမိုးရွာသွန်းချိန်မှာ မိုးရေဖိအားနဲ့ မြေသားကျပ်သိပ်မှု ဒဏ်ကိုမခံနိုင်ဘဲအခုလို ပြိုကျသွားတာလို့ နတ်မော်ကျေးရွာ မျက်မြင်ဒေသခံတွေကဆိုပါတယ်။
တံတားချဉ်းကပ်လမ်းကို ပြည်နယ်အစိုးက၂၀၁၇-၂၀၁၈-ဘဏ္ဍာနှစ် ဘတ်ဂျက် သိန်း ၂၀၀ ကျပ်နဲ့ တောင်ကုတ်မြို့ရှိ ဂိုးလ်ဒင်းရွိုင်ရယ်ကီးကုမ္ပဏီက တာဝန်ယူတည် ဆောက်ခဲ့တာပါ။
အခုနှစ်မေလအတွင်းကမှ ဇီးကိုင်းတောင်ဖက်အခြမ်းမှာ အလျား ၁၈၈ ပေ၊ အနံ ၅၀ ပေ ရှိတဲ့ မြေသားချဉ်းကပ်လမ်း စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အခုလိုပြိုကျပျက်စီးတာနဲ့ပတ်သက်လို့ တာဝန်ယူဆောက်လုပ်ထားတဲ့ ကုမ္ပဏီဘက်ကတော့ လာမယ့် နွေရာသီမှာ ပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးဖို့ ပြောဆိုထားတယ်လို့ ရခိုင်ပြည်နယ်၊စည်ပင်ဝန်ကြီး ဦးမင်းအောင်ကဒီဗွီဘီကိုပြောပါတယ်။
“လုပ်တဲ့နေရာမှာကြီးကြပ်မှုအားနည်းပြီးတော့ ကြီးကြပ်တဲ့နေရာမှာ ဟိုဟာမဖြစ်တဲ့ တခြမ်းပေါ့နော်။ မိုးရေတအားများပြီး အိဆင်းပြီးတော့ မြေပြိုတဲ့အခါ ဒီတခြမ်းပြိုကျသွားတာ တွေ့ရတယ်။ ကုမ္ပဏီ ဘက်ကတော့ သူတို့ငွေနဲ့ ပြီးစီးအောင်လုပ်ပေးမယ်လို့ ပြောထားတာ ရှိပါတယ်။”
နတ်မော်-ဇီးကိုင်းတောင်တံတားမှာ အရှည်ပေ ၃၀၀ ရှိပြီး ၂၀၁၅-၂၀၁၆-ခုဘဏ္ဍာ နှစ်ပြည်ထောင်စုဘက်ဂျက် သိန်း၄၀၀၀ကျပ်နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူတည်ဆောက်ပေးခဲ့တာပါ။
ဝဏ္ဏခွာညို