ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် ပါတီမှတ်ပုံပြန်တင်
နန်းမြနဒီ
·
February 27, 2012
စစ်အစိုးရလက်ထက်က တရားဝင်ပါတီအဖြစ်ကနေ ဖျက်သိမ်းခြင်းခံခဲ့ရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) ဟာ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ပါတီကို မှတ်ပုံပြန်တင်လိုက်ပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အတွက် ခုလို နိုင်ငံရေးပါတီ မှတ်ပုံပြန်တင်တာလို့ အေအယ်လ်ဒီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ယာယီဥက္ကဋ္ဌ ဦးသာဗန်းက ပြောပါတယ်။
“မနေ့က ကျနော်တို့အဖွဲ့က ဦးကျော်မြင့်နဲ့ ဦးမျိုးကျော်တို့ နေပြည်တော်ကို သွားပြီးတော့ ဒီနေ့ ၁၁ နာရီမှာ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါတယ်။ မှတ်ပုံတင်တာက အသိအမှတ်ပြုဖို့ဆိုတာ တလနည်းပါးလောက်ကြာမယ်။ ပါတီနဲ့ပတ်သက်တဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၊ ဘဏ္ဍာရေးမှူးတို့၊ ရွေးပြီးတော့ အလံ၊ တံဆိပ်တွေ ဘာတွေ မှတ်ပုံတင်ကျတာနဲ့ တပါတည်းတင်ရမယ်။ ”
ပါတီမှတ်ပုံတင်ဖို့အတွက် အနည်းဆုံး ပါတီဝင် ၂၃ ဦးရဲ့ ထောက်ခံချက် လက်မှတ်ထိုးမှုနဲ့ တင်ခဲ့တာ ဖြစ်တယ်။ ပါတီတံဆိပ်နဲ့ အလံကို မပြောင်းလဲဘဲ အရင်အတိုင်း ပြန်သုံးမှဖြစ်ပြီး မှတ်ပုံတင်ကျလာပါက ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေး အခွင့်အရေးတွေအတွက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေအားလုံး မှတ်ပုံပြန်တင်ပြီးတဲ့အခါ အရင်က ဖွဲ့စည်းခဲ့ဖူးတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ယူအန်အယ်လ်ဒီ)လို တိုင်းရင်းသားပါတီအဖွဲ့တခု ဖွဲ့စည်းပြီး တိုင်းရင်းသားအရေးတွေ ဆောင်ရွက်သွားမယ်လို့ ဦးသာဗန်းက ဆက်ပြောပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(အေအယ်လ်ဒီ)ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ လွှတ်တော်အမတ် ၁၁ နေရာနဲ့ အနိုင်ရခဲ့တာပါ။