လက်ရှိနိုင်ငံရေး အပြောင်းအလဲမှာ နှစ်ပေါင်းများစွာ မြေအောက် အသင်းအဖွဲ့အဖြစ် ရပ်တည်ခဲ့ရတဲ့ သမိုင်းဝင် ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်)ကို တရားဝင် ရပ်တည်လို့ ရလာအောင် ကျောင်းသားတချို့က ကြိုးပမ်းနေကြပါတယ်။
အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင်တွေက ဇန်နဝါရီလ အတွင်းမှာ ဗကသများအဖွဲ့ချုပ် တရားဝင်ရပ် တည်နိုင်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဒေသအလိုက် ဗကသအဖွဲ့ခွဲတွေလည်း ပြန်လည် ပေါ်ပေါက်လာပါတယ်။
မကြာခင်က ဖွဲ့စည်းထားတဲ့ ပဲခူးတိုင်းအနောက်ခြမ်း ဗကသ မှာ ဦးဆောင်လှုပ်ရှားနေတဲ့ ပြည်တက္ကသိုလ်အဝေးသင်ဌာန မြန်မာစာ ပထမနှစ်ကျောင်းသား မောင်အာကာဘိုက ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တိုင်းမှာ သမဂ္ဂအဖွဲ့ဝင်တွေ ရှိနေပြီလို့ ပြောပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်းက ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့ထားပြီးပြီလဲ။
“ပဲခူးတိုင်း အနောက်ခြမ်းက မြို့နယ်အကုန်လုံးက ကျောင်းသားတွေ ပါဝင်နေပြီ။ မနေ့ကဆိုရင် ပြည်မှာ ပြည်တက္ကသိုလ်က ကျောင်းသားတွေနဲ့ နှီးနှောဖလှယ်ပွဲလုပ်တယ်၊ လောလောဆယ်တော့ အဲဒါလုပ်ထားတယ်။”
မြို့နယ်တွေ အကုန်လုံးဖွဲ့ပြီးပြီဆိုတော့ အဖွဲ့ဝင်တွေ ဘယ်လောက် ရှိတယ်ဆိုတာ ပြောလို့ရမလား။
“ခန့်မှန်းခြေတော့ မြို့နယ်တွေမှာ အယောက် ၇၀ လောက်တော့ ရနေပြီပေါ့။ ပြည်တက္ကသိုလ် အပါအဝင်ဆိုရင် ၁၀၀ ကျော်သွားပြီ။ ကျနော်တို့ ပဲခူးတိုင်း အနောက်ခြမ်းမှာ မြို့နယ် ၁၆ မြို့နယ် ရှိတယ်။ အဲဒီ ၁၆ မြို့နယ်စလုံးက ကျောင်းတွေ အကုန်လုံးပါတယ်။”
ဘယ်လိုအဆင့်တွေလဲ။ အထက အဆင့်တွေလား၊ တက္ကသိုလ်အဆင့်တွေလား။
“အကုန်လုံးပါတယ်။ ဗကသ ဆိုတာ တကသနဲ့ အကသကို ပေါင်းလိုက်တဲ့အတွက် ကျနော်တို့ ဗကသ လို့ခေါ်တာကို။ တက္ကသိုလ်များ ကျောင်းသားသမဂ္ဂလို့ခေါ်တဲ့ တကသ ပေါ့။ တက္ကသိုလ်ထဲက ကျောင်းသားတွေလည်း ပါဝင်တယ်။ အကသလို့ ခေါ်တဲ့ အခြေခံပညာ ကျောင်းသားတွေလည်း ပါတယ်။ ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်အသီးသီးကနေ အဲဒီလိုမျိုး ပါဝင်နေကြတယ်။”
ကျောင်းသားထုထဲမှာကော ဗကသ လိုဟာမျိုးကို စိတ်ဝင်စားမှုရှိလား။
“လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ မြန်မာပြည်ရဲ့ သမိုင်းဆိုတာက တကယ်တော့ ကျောင်းသားသမိုင်းပဲ။ အမျိုးသားရေး၊ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲတွေမှာ ကျောင်းသားတွေ ပါဝင်ခဲ့တာလည်း အားလုံးအသိပဲ။ ၈၈ အရေးအခင်းမှာလည်း ကျောင်းသားတွေပဲ ပါဝင်ခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဆိုရင်လည်း ကျောင်းသားတွေ ပါဝင်ခဲ့တာပဲ။ ကျောင်းသားသမဂ္ဂ ဆိုတာတော့ ကျနော်တို့တိုင်းပြည်မှာ တကယ်လိုအပ်တယ်။ ဒီမိုကရေစီ တိုင်းပြည်တခုမှာ ဒီမိုကရေစီ ပေးနေပြီဆိုတဲ့ အခါမှာ လွတ်လပ်တဲ့ သမဂ္ဂတွေကလည်း ရှိရမှာပဲ။ လွတ်လပ်တဲ့ သမဂ္ဂဆိုတာလည်း ကျနော်တို့ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ ရှိရတော့မယ်။ လယ်သမားတွေမှာလည်း လယ်သမားသမဂ္ဂ ရှိရမယ်။ အလုပ်သမားသမဂ္ဂ ရှိရမယ်။ ကျနော်တို့ အဲဒီလို နားလည်ထားတယ်။ အဲဒါကြောင့် ကျနော်တို့ ကြိုးစားတယ်။ သမဂ္ဂ ပေါ်ပေါက်ရေးနဲ့ အဓိကတော့ ကျောင်းသားထု အခွင့်အရေးတွေကို ကာကွယ်မယ်။ နောက်တခုက ၁၉၆၂ ခုနှစ် ကျောင်းသားညီလာခံက ချမှတ်ထားတဲ့ ကျောင်းသားနဲ့ပတ်သက်တဲ့ မူဝါဒရှိတယ်။ အဲဒီမူ ၅ ချက်က အမျိုးသားရေး၊ ဒီမိုကရေစီအရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အဲဒီ မူ ၅ ချက်ကို ဆက်လက်ကိုင်ဆွဲပြီး ကျင့်သုံးနေတယ်။”