ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေ တက်ရောက်လက်မှတ်ထိုး ရောင်းချမယ့် မန္တလေးက ရာပြည့် စာပေတိုက်ရဲ့ စာအုပ်မိတ်ဆက်ပွဲအစီအစဉ်ကို သက်ဆိုင်ရာက ဖိအာပေးလို့ ဖျက်လိုက်ရတယ်လို့ စာအုပ်ဆိုင်ပိုင်ရှင် ကိုပုညဆွေက ပြောပါတယ်။

ကိုမင်းကိုနိုင်တို့အဖွဲ့ မန္တလေးကိုရောက်နေတုန်းမှာ “၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ” စာအုပ်မိတ်ဆက်ပွဲကို မနက်ဖြန်လုပ်ဖို့ စီစဉ်ထားတာကို ဖျက်လိုက်ရတဲ့အပြင် စာအုပ်တိုက်ကိုလည်း ဒီနှစ်အကုန်မှာ နေရာပြောင်းဖို့ ကြိုတင်သတိပေးခဲ့တယ်လို့ ကိုပုညဆွေက ပြောပါတယ်။
“ကျနော့်ဆိုင်ခန်းက အဆင့်မြင့်ပညာဦးစီးဌာနက ပိုင်တဲ့ မြေပေါ်မှာ ဆောက်ထားတဲ့ ဆိုင်ခန်း။ အဲ့လိုဖြစ်တဲ့အတွက် မနေ့က ညနေ ၄နာရီမှာ ကျနော့်ကို ခေါ်တွေ့ပြီးတော့ အဆင့်မြင့်ပညာဦးစီးဌာန ပိုင်တဲ့ မြေပေါ်မှာ သူတို့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ စာအုပ်လက်မှတ်ရေးထိုးပွဲကို ခွင့်မပြုနိုင်ဘူးဆိုပြီး ခေါ်ပြီး ပိတ်ပင်တယ်။ ကျနော်တို့ဘက်က လိုက်ညှိနှိုင်းတာလည်း အဆင်မပြေဘူး။ အဆင်မပြေတဲ့အတွက် နောက် စာချုပ်ကုန်ရင် ရာပြည့် မန္တလေးစာအုပ်တိုက်ကို ဆက်လက်ငှားရမ်းခွင့်မပြုတော့ဘူးဆိုတဲ့ နှုတ်မိန့်နဲ့ ထွက်လာတယ်။ ဒီပွဲကတော့ ဖျက်လိုက်ရပြီပေါ့။”
ငှားရမ်းစာချုပ်က ဒီနှစ်ကုန်ပိုင်းမှာ သက်တမ်းကုန်မှာဖြစ်ပါတယ်။ စာအုပ်မိတ်ဆက်ပွဲ ပျက်သွားပေမယ့် “၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ” စာအုပ်ကိုတော့ ဆက်ရောင်းချနေပြီး လူတွေလည်း စိတ်ဝင်တစား ဝယ်ယူနေကြတယ်လို့ ကိုပုညဆွေက ပြောပါတယ်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားကို သွားရောက်ခဲ့ပြီးနောက် အပြန်မှာ မန္တလေးကို ရောက်နေတာပါ။
ဒီနေ့မှာ မန္တလေးမြို့က ဘုန်းကြီးကျောင်းတွေကို သွားရောက်ဖူးမျှော်တဲ့အခါမှာ လမ်းတလျှောက်မှာ မြို့ခံတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။
ဒါ့အပြင် မန္တလေးမြို့ပေါ်က နာမည်ကျော် သဘင်ပညာရှင်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ မန္တလေးမြို့က လူရွှင်တော် ဦးပါပါလေးက ပြောပါတယ်။
“ကိုမင်းကိုနိုင်က မန္တလေးကို တာဝန်တခုနဲ့လာတဲ့အခါကျရင် ဦးပါလေးတို့ အိမ်ကိုလာပြီး သဘင်အနုပညာရှင်တွေနဲ့ တွေ့ချင် ဆုံချင်ပါတယ်တဲ့။ ဦးပါလေးက ကမကထလုပ်ပြီး ဆုံပေးပါဆိုလို့ ကျနော် စီစဉ်ပေးလိုက်တာပါ။ ရယ်စရာ မောစရာ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာပါ။”
ကိုမင်းကိုနိုင်တို့ကို ဦးပါပါလေး အပါအဝင် သဘင်အနုပညာရှင်တွေဖြစ်ကြတဲ့ နှုတ်ခမ်းမွှေး၊ လူမော်၊ လူဇော်၊ ကျော်ကြား၊ တက်တူး၊ ချစ်စရာ၊ လူရွှင်တော်တွေနဲ့ မင်းသမီးတွေက ကြိုဆိုတွေ့ဆုံခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်တို့ အဖွဲ့ဟာ မနက်ဖြန်မှာ မြို့မိမြို့ဖတွေနဲ့ တွေ့ဖို့ စီစဉ်ထားပြီး ၂၉ ရက်နေ့မှာ ရန်ကုန်ပြန်ဆင်းမယ်လို့ သိရပါတယ်။