ဒီလအစောပိုင်းက သံတွဲမြို့ ဒွါရာဝတီဈေးမီးလောင်မှုမှာ ဆိုင်ခန်းဆုံးပါးခဲ့လို့ တဲထိုးရောင်းချနေတဲ့ ဈေးသည်တွေကို စည်ပင်သာယာက ဖယ်ခိုင်းလို့ အခက်အခဲကြုံနေကြပါတယ်။
ဒီနေ့ ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦး လာရောက်တဲ့အတွက် လူကြီးလမ်းကြောင်း ရှိလို့ဆိုပြီး ဈေးသည်တွေရဲ့ ယာယီတဲကို မနေ့ညက ဖျက်တာလို့ သံတွဲမြို့ခံက ပြောပါတယ်။
“ဒု-သမ္မတ သီဟသူရတင်အောင်မြင့်ဦးလာမယ်ဆိုပြီး စည်ပင်က သံတွဲ ဒွါရာဝတီ တံတားဦးမှာ ရှိတဲ့ ပျံကျ ယာယီဈေးမှာ ဈေးသည်တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ရုံလေးတွေထိုးပြီးတော့ တာပေါ်လင်အမိုးလေးတွေနဲ့ လုပ်ထားတာကို မနေ့ညက လူကြီးခရီးစဉ် ရှိတယ်ဆိုပြီးတော့ ဈေးသူဈေးသားတွေကို ပြောကြားခြင်း မရှိဘဲနဲ့ အားလုံးကို ဖျက်ပြီးတော့ သစ်တွေ၊ဝါးတွေ ပုံထားတယ်။ ဈေးသူဈေးသားတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့က အိမ်ဆိုင်တွေ ဖွင့်ထားတာဆိုတော့ ပြသာနာမရှိပါဘူး။ ကျနော်တို့ပြောချင်တာကတော့ ပြည်သူလူထုတွေရဲ့ အခက်အခဲတွေကို လျစ်လျူရှုပြီးတော့ ပြည်သူလူထုအတွက် ဘာမှမစဉ်းစားဘဲနဲ့ ဒီလိုလုပ်တာဟာ အတော်လေး မြင်မကောင်းပါဘူး။”
ဒု-သမ္မတ ဦးတင်အောင်မြင့်ဦးက မီးဘေးသင့်ဈေးသည်တွေကို လာရောက်ကြည့်ရှုဖို့ဆိုပေမယ့် အခုလို တဲဖျက်ပြီး ဖယ်ခိုင်းတာကြောင့် ဒီလုပ်ရပ်ဟာ ဈေးသည်တွေအနေနဲ့ ဒုသမ္မတနဲ့ တွေ့ခွင့် ပိတ်ပင်ခံရတာဖြစ်သလို ဈေးသည်တွေရဲ့ အခက်အခဲကိုလည်း တင်ပြနိုင်ခွင့်မရတော့တဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၇၄၀ လောက် လောင်ကျွမ်းသွားခဲ့ပါတယ်။ မီးဘေးသင့် ဈေးသည်တွေကို ဘောလုံးကွင်းဟောင်းမှာ ယာယီဈေး ဆောက်ပေးဖို့ဆိုပြီး သက်ဆိုင်ရာက ဆိုင်ခန်းတခန်းကို တသိန်း တောင်းခဲ့ပါတယ်။ ဒါပေမယ့် ယာယီဈေးဆိုင်ခန်းတွေ မပြီးသေးတဲ့အတွက် ဈေးသည်တွေဟာ ကိုယ့်အစီအစဉ်နဲ့ကို လွတ်တဲ့နေရာမှာ တဲထိုးပြီး ဈေးရောင်းနေကြတာပါ။