Home
ရုပျသံ
သတင်းမီဒီယာသမားတွေကိုတော့ ကောင်းကောင်းကြီး ကျေးဇူးဆပ်နေပြီ - ဦးသိန်းညွန့် (ရုပ်သံ)
DVB
·
July 12, 2017
သတင်းသမား ၃ ဦးကို လတ်တလော ဖမ်းဆီးအရေးယူရာမှာ အသုံးပြုတဲ့   ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ၁၉၀၈ ခုနှစ် မတရားအသင်းများအက်ဥပဒေနဲ့ ပတ်သက်လို့ ဒီဥပဒေကို ပထမအကြိမ်လွှတ်တော်မှာ ဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့သူ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကို ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။ ပထမဆုံး မတရားအသင်း အက်ဥပဒေပေါ့နော်။ ဆရာကိုယ်တိုင်ကလည်း ပထမအကြိမ် လွှတ်တော်တုန်းက ဒါနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့၊ ဖျက်သိမ်းဖို့အထိ အဆိုတင်ခဲ့တာဆိုတော့ ဒီဥပဒေရဲ့ သမိုင်းကြောင်းလေး အရင်ဆုံး သိချင်ပါတယ်။ “အရင်တုန်းကတော့ ဒီဥပဒေဆိုတာက အခုဆိုရင် နှစ်ပေါင်း ၁၀၉ နှစ်ရှိသွားပြီ။ ကိုလိုနီခေတ်တုန်းက အဲဒီအချိန် အဲဒီကာလတုန်းက အမျိုးသားရေး လွတ်မြောက်ရေး လှုပ်ရှားမှုမှာ နှလုံးရည်နဲ့ တိုက်ပွဲဝင်ဖို့ အသင်းအဖွဲ့တွေ ဖွဲ့ထားပေးတယ်။ အဲဒီအချိန်မှာ ဒီဥပဒေကို နယ်ချဲ့အင်္ဂလိပ်အစိုးရက ပြဋ္ဌာန်းခဲ့တာပေါ့။ အင်္ဂလိပ်လိုတော့ The Unlawful Association Act ပေါ့။ ဒီဥပဒေက ပုဒ်မပေါင်း ၁၈ ခုပါတယ်။ အားလုံးက အင်္ဂလိပ်လို ရေးထားတာ။ အင်္ဂလိပ်လိုရေးထားတဲ့ ဥပဒေက ယနေ့အချိန်အထိ ကျနော်တို့ မြန်မာစာသည် ရုံးသုံးဖြစ်ရမယ်ဆိုပြီး အခြေခံဥပဒေ ပြဋ္ဌာန်းတဲ့ ကာလအထိ ဆက်လက်တည်ရှိနေတာပေါ့။" "ဥပဒေအရ ဆက်လက်တည်ရှိတာကတော့ ဒါကတော့ မဖျက်သိမ်းရင်တော့ ဆက်လက်တည်ရှိမှာပေါ့။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ အခု ဒီဥပဒေရဲ့ အတိမ်အနက်ပေါ့။ အခု သတင်းမီဒီယာသမား၊ ဒီဗွီဘီက အကြီးတန်းသတင်းထောက် ကိုအေးနိုင်တို့ အပါအဝင် ဒီအတိုင်းပဲ ဧရာဝတီ သတင်းဌာနက သတင်းထောက် သုံးယောက်ကို ဖမ်းလိုက်တဲ့အခါမှာ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြန်အသက်ဝင်လာတာပေါ့။" "အမှန်တကယ်ပြောရရင်တော့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ ပြည်နယ်တွေမှာ ဒီဥပဒေကို အထူးထိတွေ့နေရတာပေါ့။ ၁၇(၁) တို့၊ ၁၇(၂) တို့ဆိုတာ အဲဒီမှာရှိတဲ့ တောသူတောင်သားတွေအတွက် အမြဲတမ်းကြုံရတဲ့ ပုဒ်မတွေပဲပေါ့။ ကျနော်တို့ကိုယ်တိုင် ကျောင်းသားဘဝက ထိန်းသိမ်းခံရတဲ့ ၆၃-၆၇ မှာဆိုရင် အဲဒီအချိန်တုန်းက ကျနော်တို့ ထိန်းသိမ်းခံ ကျောင်းသားတွေကို ကူညီပေးတဲ့ ထောင်သားတွေ မေးကြည့်လိုက်။ ဘာပုဒ်မလဲဆိုရင် ၁၇(၁)၊ ၁၇(၂) နဲ့ပဲ သူတို့အဖမ်းခံရတာရှိတယ်။ အဲလိုပဲ ပဲခူးတိုင်းဘက်က လယ်သမားတွေ အဲဒီလို အဖမ်းခံရတာရှိတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ဟိုအရင်တုန်းကတော့ ကိုလိုနီကာလတုန်းက ကိုလိုနီအစိုးရ ကျင့်သုံးခဲ့တာ။ ဒီဘက်ပိုင်းမှာလည်း လွတ်လပ်ရေးရပြီးတဲ့အခါမှာ ဒီဥပဒေကို အချင်းချင်း လက်နက်ကိုင်တွေနဲ့ စစ်ခင်းတဲ့အခါမှာ ဒီဥပဒေကို ပြန်လည်ပြီးတော့ ပုံစံတမျိုးနဲ့ သုံးစွဲလာတာပေါ့။" "အဲဒါကြောင့် ဒီဥပဒေနဲ့ပတ်သက်ပြီး ၁၇(၁)၊ ၁၇(၂)၊ ၁၇(၁) ဆိုတာက သာမန်ဥပဒေစကား ပြောရင်တော့ မတရားအသင်းလို့ ကြေညာထားတဲ့ အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်၊ ဒီအသင်းကို ငွေတွေ၊ ရိက္ခာတွေ ထောက်ပံ့တယ်၊ ရယူတယ်ဆိုရင် ဒါ ၁၇ (၁) နဲ့ ဝင်သွားပြီ။ အဲဒါရရင်တော့ သူ့ရဲ့ပြစ်ဒဏ်က အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ကနေ အများဆုံး ၃ နှစ်။ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်တယ်။" "၁၇(၂) ကျတော့ ဒီမတရားအသင်းကို အုပ်ချုပ်တာ၊ ကွပ်ကဲတာ၊ ကူညီတာ၊ အသင်းအစည်းအဝေး ဖြစ်မြောက်အောင်လုပ်ရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ၅ နှစ်ပေါ့။ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံးလည်း ချမှတ်နိုင်တာပေါ့။ ဒါကြောင့် ဒီဥပဒေက ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်တဲ့အချိန်မှာ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ဒီဥပဒေကို အရင်ဆုံး လွှတ်တော်မှာ ဖျက်သိမ်းဖို့ ကျနော်တင်ခဲ့တယ်။ အဲဒါက ၂၀၁၂ လောက်ကတည်းက ကျနော်တင်ခဲ့တယ်။ တင်ခဲ့တဲ့အခါမှာ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဥပဒေကြမ်းကော်မတီကနေ ပြန်ပြီး အစီရင်ခံစာတင်တဲ့အခါမှာ ဒီဥပဒေကြီးကိုတော့ မရုပ်သိမ်းပါနဲ့။ ပြင်ဆင်ပြီးသုံးပါ ဆိုတာမျိုး တင်ပြလာတဲ့အတွက် ကျနော်ကလည်း ဒါကိုသဘောတူတယ်။” မတရားအသင်းများပေါ့။ အက်ဥပဒေနဲ့ တရားစွဲခံရတဲ့အထဲမှာ မီဒီယာတွေဟာ ဒါ ပထမဆုံးအကြိမ် ဟုတ်မဟုတ် ဦးသိန်းညွန့်ရဲ့ လေ့လာချက်အရ သုံးသပ်ပေးပါခင်ဗျ။ “ကျနော်လေ့လာတဲ့ စီရင်ထုံးတွေမှာတော့ သတင်းမီဒီယာသမားတွေဟာ ဟိုခေတ်တုန်းကတော့ ကျနော်လည်း လွှတ်တော်မှာ ဖျက်ဖို့တင်ခဲ့တာပဲ။ ၁၉၅၀ ပြည့် အရေးပေါ်စီမံမှုအက်ဥပဒေတို့၊ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေတို့၊ အထူးသဖြင့် ပုဒ်မ ၅၀၀ တို့ အဲဒါတွေနဲ့ပဲ တရားစွဲခံရတာတော့ ကျနော်လေ့လာဖူးတယ်။ ဒီ မတရားအသင်း အက်ဥပဒေနဲ့ အရေးယူခံရတာတော့ အင်မတန်နည်းပါတယ်။ မတရားအသင်း အက်ဥပဒေဆိုတာ ခုန ကျနော်ပြောသလို ကျနော်တွေ့ခဲ့တာဟာရော၊ ကျနော်ကိုယ်တိုင်လိုက်ပါတဲ့ အမှုတမှုဆိုရင်တော့ ကျေးလက်လူတွေ ဆွေမျိုးသားချင်း တယောက်ယောက်က အဆက်အသွယ် ယူရာကနေ အဖမ်းခံခဲ့ရတာတွေ။ အဲဒီဟာမျိုးပဲတွေ့ဖူးတယ်။ သတင်းမီဒီယာကတော့ ကျနော်လည်း ဒါ ပထမဦးဆုံး အတွေ့အကြုံပါပဲ။” တီအန်အယ်လ်အေက အပြန်ပေါ့နော်။ သတင်းမီဒီယာသမားတွေကို ပုဒ်မ ၁၇(၁) နဲ့ အဖမ်းခံလိုက်ရတဲ့ကိစ္စမှာ သတင်းမီဒီယာဥပဒေမှာ ဘာပြောထားလဲဆိုတော့ ပဋိပက္ခဖြစ်တဲ့နေရာတွေကို သွားမယ်ဆိုရင် အရင်ဆုံး သက်ဆိုင်ရာအဖွဲ့ကို အကြောင်းကြားရမယ်လို့ ပြောတယ်။ ဒါပေမယ့် သက်ဆိုင်ရာအဖွဲ့ဆိုတာ ဘယ်လိုအဖွဲ့အစည်းလဲလို့ မေးတဲ့အခါမှာ ဘာမှ ရှင်းရှင်းလင်းလင်း မသိရဘူးပေါ့နော်။ အဲတော့ သတင်းမီဒီယာထဲမှာ ဖွင့်ဆိုထားတဲ့ သက်ဆိုင်ရာအဖွဲ့ဆိုတာ ဘယ်လိုဟာမျိုးဖြစ်သင့်တယ်၊ ဒီဟာကြီးက မရှင်းလင်းဘူးလို့ ကျနော်တို့ ဆွေးနွေးနေတဲ့အထဲမှာ ဦးသိန်းညွန့်အနေနဲ့ ဘယ်လို သုံးသပ်ပေးလို့ ရမလဲခင်ဗျ။ “ကျနော့်သဘောပြောရရင်တော့ အခုဥပဒေတွေ လုပ်ခဲ့ပြီးတဲ့ အတွေ့အကြုံမှာ နောက်က နည်းဥပဒေ လိုက်မလာဘူး။ နည်းဥပဒေလိုက်လာရင် နည်းဥပဒေမှာ သတင်းမီဒီယာတွေ အကြောင်းကြားရမယ့် အဖွဲ့အစည်းက ဘယ်အဖွဲ့အစည်းဆိုတာ တခါတည်း ပြဋ္ဌာန်းလိုက်ရင် ဒီလိုမျိုးပြဿနာ မကြုံဘူးပေါ့။ အခုက နည်းဥပဒေ မပြဋ္ဌာန်းဘူး။ သို့မဟုတ် ဒီဥပဒေကို အထောက်အကူပြုတဲ့ ညွှန်ကြားချက် အချိန်မီ မထုတ်ပြန်နိုင်တဲ့အခါကျတော့ အခုလိုပေါ့ အခြေအနေအရ ငြိမ်းချမ်းရေးလည်းမရ။ ငြိမ်းချမ်းရေးလည်း ဆွေးနွေးနေတဲ့ အခြေအနေမျိုးမှာ အဓိပ္ပာယ်ကောက်ယူမှုတွေ လွဲကုန်တာပေါ့။ သတင်းမီဒီယာသမားတွေကတော့ ဘာပဲပြောပြော သတင်းမီဒီယာတွေကတော့ ဘာပဲဖြစ်ဖြစ် သတင်းမီဒီယာ ဥပဒေအရတော့ မူးယစ်ဆေးဝါးကိစ္စဖိတ်တာပဲ၊ ဒါ သွားလို့ရတာပဲထင်ပြီး ရိုးရိုးသားသားသွားတာပေါ့။ အဲတော့ ကျနော်တို့က ဥပဒေမှာ ပြန်ကြည့်ရမယ့် အချက်ကတော့ သဘောရိုးဆိုတဲ့ ဟာမျိုးနဲ့သွားရင် ကင်းလွတ်ခွင့်ပေးဖို့၊ အရေးမယူဖို့အတွက်လည်း ဥပဒေမှာ ပြင်ဆင်ဖို့လိုတာပေါ့။" "နောက် တရားရုံးမှာ လျှောက်လဲတဲ့အခါကျရင်လည်း ဒါက တရားမဝင်အသင်းတွေကို ပိုပြီးတော့ လက်နက်ကိုင်ဖို့ အားပေးတာမဟုတ်ဘူး။ အမျိုးသားရေး လိုအပ်ချက်ဖြစ်တဲ့ မူယစ်ဆေးဝါးပပျောက်ရေးအတွက် လုပ်တာမျိုးမို့ သဘောရိုးနဲ့ သွားမိတယ်။ ဒီအချက်တွေကိုလည်း ရုံးတော်က ထည့်စဉ်းစားပေးဖို့လိုတယ်။ ဒီထက် အရေးကြီးတဲ့ အချက်ကတော့ ဒီဟာတွေဟာ ခုန ကျနော်ပြောတဲ့ ကိုလိုနီခေတ်က ပြဋ္ဌာန်းတဲ့ ဥပဒေတွေ၊ ဒီဥပဒေတွေက အင်္ဂလိပ်လိုရေးထားတယ်။ အဲဒီတော့ တရားသူကြီးတွေရော၊ ဥပဒေအရာရှိနေတွေရော ဒါကတော့ ကျနော် ရိုးရိုးသားသား ပြောတာပါ။ ဒီအင်္ဂလိပ်လို ဥပဒေရဲ့ ဆိုလိုချက်ကို နက်နက်ရှိုင်းရှိုင်း သူတို့ကော အဓိပ္ပာယ်ဖော်နိုင်ပါ့မလား။ အဲဒီလို မဖော်နိုင်သေးတဲ့ ကာလမှာ သတင်းမီဒီယာသမားတွေကတော့ လောလောဆယ် ဖမ်းဆီးချုပ်နှောင်ခံရတာပေါ့။ အဲဒါမျိုးနဲ့ပတ်သက်ရင် ဥပဒေကြောင်းအရလည်း ပြင်ပါ။ အခု သူတို့ရဲ့ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ ဒါကတော့ ဒီနေ့ တရားစွဲထားတဲ့သူတွေကို ဒီဗွီဘီကတဆင့် ကျနော် မေတ္တာရပ်ခံပါတယ်။” ကျနော်တို့ ဒီရက်ပိုင်းမှာပဲပေါ့နော်။ ဒီသတင်းစာတွေမှာ၊ ဂျာနယ်တွေမှာ နိုင်ငံရေးသမားတွေရဲ့ စကားဝိုင်းတွေမှာ မြင်တွေ့ကြားနေရတာ ဘာလဲဆိုတော့ အဲဒီလိုမျိုး လက်နက်ကိုင်အဖွဲ့ပေါ့နော်။ တီအန်အယ်လ်အေကဖိတ်လို့ သတင်းသွားယူတဲ့သူတွေကို ဖမ်းတယ်ဆိုရင် ဒါဆိုရင် ၂၁ ပင်လုံညီလာခံမှာ မတရားအသင်းလို့ ကြေညာထားတဲ့ ဒီအဖွဲ့တွေကို သက်ဆိုင်ရာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တွေက ဖိတ်တယ်။ ဆွေးနွေးကြတယ်။ သူတို့ကိုကျတော့ကော မတရားအသင်းအဖွဲ့နဲ့ မညီဘူးလားဆိုပြီး မေးခွန်းတွေ ထုတ်နေကြတယ်ခင်ဗျ။ အဲဒီတော့ ဆရာဦးသိန်းညွန့်အနေနဲ့ ဒီအပေါ်မှာ ဘယ်လို သုံးသပ်ပေးလို့ရလဲ။ “အဲဒါကတော့ ကျနော်ပြောရရင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုတောင် ပြောခဲ့တယ်ထင်တယ်။ ကျနော် ဒီဥပဒေကို ပြင်နေတာက ဘာကြောင့်လဲဆို ခင်ဗျားတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဘက်မှာ တချို့ဟာတွေက ခင်ဗျားတို့ အစိုးရဆိုပေမယ့် ခင်ဗျားတို့ ခလုတ်တိုက်တာတွေ ရှိတယ်။ ဥပမာဆိုပါစို့ ဒီဥပဒေဟာ ဟိုတုန်းက ကျနော် အာအက်ဖ်အေမှာလည်း ရေးဖူးတယ်။ ရန်သူ မိတ်ဆွေဆိုင်ရာ ဥပဒေ။ ရန်သူဖြစ်နေတဲ့အချိန်မှာ မတရားသဖြင့် အဲဒီဥပဒေဟာ အကြုံးဝင်တယ်။ မိတ်ဆွေဖြစ်နေတဲ့အချိန်မှာ ဒီဥပဒေက အကြုံးမဝင်ဘူး။" "ဥပမာ ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်နေရတဲ့ အဖွဲ့အစည်းတခုလုံးကို မတရားအသင်းကနေ ပယ်ဖျက်ထားတယ်ဆိုရင် ဒီဥပဒေနဲ့ အကြုံးမဝင်ဘူး။ တချို့အဖွဲ့တွေက ကျနော်သိတာ မတရားအသင်းကနေ မပယ်ဖျက်ထားဘူး။ ဥပမာ ကေအိုင်အေကို မိတ်ဆွေဖြစ်တဲ့ အချိန်တုန်းက ပစ်ခတ်ရပ်စဲတုန်းက မတရားအသင်းကနေ ပယ်ဖျက်ထားတယ်။ အခု မတရားအသင်းအဖြစ် နောက်ပိုင်းမှာ ဥပဒေအရ ပြန်ပြောင်းထားတယ်။ အဲဒါကြောင့် မတရားအသင်းနဲ့ပတ်သက်ပြီး ဆက်သွယ်ရင် ဆက်သွယ်တဲ့သူဟာ သူတို့လည်း ၁၇(၁) ရှိတာပဲ။" "ဒီနေ့ လက်ဖက်ရည်ဆိုင်မှာ ဝေဖန်သုံးသပ်သူတွေ ပြောတဲ့အချက်က တကယ်တမ်း ဥပဒေအကြောင်းအရ ကြည့်ရင်မှန်တယ်။ အခု တလောက နိုင်ငံရေးခေါင်းဆောင်တယောက်က ပြောတာ ကျနော်ကြားလိုက်တာ။ ကျုပ်တို့က အစိုးရပဲ ဆက်လို့ရတယ်။ အဲဒါကို ကျနော်နားမလည်ဘူး။ အစိုးရသည်ပင် ဥပဒေကို ချိုးဖောက်လို့မရဘူး။ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။ အဲဒီတော့ ဒီအဖွဲ့နဲ့ ဆက်သွယ်မယ်ဆိုရင် ဒီအဖွဲ့ကို မတရားအသင်းအဖြစ် ပြည်ထဲရေးကနေ ပြန်ရုပ်သိမ်းလိုက်။ ရုပ်သိမ်းပြီးရင် လုပ်လို့ရတယ်။" "ဥပမာ ဒီမတရားဥပဒေနဲ့ ပတ်သက်ရင် အရင်ဆုံး ကြေညာခံရတာက ကေအန်ယူ ၁၉၄၉ မှာ။ ကွန်မြူနစ်ပါတီက ၄၈ က တောခိုပေမယ့် ၅၃ လောက်မှ မတရားအသင်း ကြေညာတာ။ အဲဒီတော့ သူတို့နဲ့ ပြန်စကားပြောနေတဲ့အခါမှာ ကျနော်သိသမျှတော့ ဦးနေဝင်းလက်ထက်က ၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်လိုက်တဲ့အခါမှာ တောတွင်းအဖွဲ့အစည်းတွေ လာလို့ရအောင် ဒီဥပဒေကို ပြည်ထဲရေးက မတရားအသင်းအရ ကြေညာထားတဲ့အဖွဲ့ကို ပြန်ရုပ်သိမ်းတယ်။ ရုပ်သိမ်းပြီးမှ ပြောတာရှိတယ်။ အခု ကေအန်ယူဆိုရင် မတရားအသင်းအဖြစ် ကြေညာတာကနေ ပယ်ဖျက်လိုက်ပြီ။ ဒါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြောင့်။ အဲဒါဆိုရင် ဆက်သွယ်လို့ရတယ်။ ခုနက ကျနော်သဘောတူတယ်။ ငြိမ်းချမ်းရေးအဖွဲ့မို့လို့ မတရားအသင်း ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပြောလို့ ဆွေးနွေးလို့ရတယ်ဆိုတာ ဥပဒေကို ထိန်းသိမ်းရမယ့် သူတွေကိုယ်တိုင်က ဥပဒေချိုးဖောက်နေတယ်လို့ပဲ ကျနော်ယူဆတယ်။” ပုဒ်မ ၁၇(၁) မှာက အစည်းအဝေးတွေ ကိုယ်တိုင်ရောက်ပြီး ဆုံးဖြတ်မှ၊ ကမကထလုပ်မှ အဲဒီထဲမှာ ထဲထဲဝင်ဝင်ပါမှ စွဲလို့ရတယ်လို့လည်း ပြောကြတယ်။ ဆရာက ဥပဒေသမားလည်းဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အဆိုတင်ခဲ့တဲ့သူတွေ ဖြစ်တယ်ဆိုတော့ သူတို့ပြောတာတွေနဲ့ ဘယ်လိုမျိုး လွဲချော်နေတာတွေ၊ မှန်ကန်တာတွေ တွေ့ရလဲဆရာ။ “အရင်တုန်းက ဒီဥပဒေကို သေချာပြန်ကြည့်တဲ့အခါမှာ မည်သူမဆို မတရားအသင်းဝင်ဖြစ်ရင် အဲဒီတော့ သတင်းမီဒီယာသမား သုံးယောက်က မတရားအသင်းဝင်မှ မဟုတ်ဘဲ။ ဒါက တချက်၊ ဒီဥပဒေနဲ့ အကြုံးမဝင်တော့ဘူး။ အဲဒီအသင်းရဲ့ အစည်းအဝေးကို ဝင်ရောက်ဆင်နွှဲရင် သူတို့က အစည်းအဝေးကို သွားတက်တာမဟုတ်ဘူး။ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ပတ်သက်ပြီး သတင်းလိုက်ယူတာ။ ပြီးတော့ အဲဒီအသင်းအတွက် ငွေတွေ၊ ရိက္ခာတွေ၊ ထောက်ပံ့ခြင်း၊ ရယူခြင်း၊ တောင်းဆိုခြင်းပြုရင် ဒီဥပဒေရဲ့ အင်္ဂါရပ်တွေနဲ့ သတင်းမီဒီယာသမားသုံးယောက် သတင်းသွားယူတာနဲ့တော့ ဘယ်လိုမှ အကြုံးမဝင်ဘူး။ အဲဒီတော့ ဥပဒေပြဋ္ဌာန်းချက်အတိုင်း ပြောရရင်တော့ ဒီသတင်းမီဒီယာသမား သုံးယောက်ကို အခုလို ၁၇(၁) နဲ့ အရေးယူမယ့်အစား ပြန်ပြီးတော့ လွှတ်ပေးလိုက်တာ အကောင်းဆုံးပါပဲလို့ ကျနော်မြင်ပါတယ်။” ကျနော်တို့ အစိုးရသစ်လက်ထက်ကျမှ သတင်းမီဒီယာသမားတွေဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) တွေရော၊ နောက်ဆုံး မတရားအသင်းများ အက်ဥပဒေပေါ့နော် ၁၇(၁) နဲ့ရော အရေးယူခံနေရတာဆိုတော့ မီဒီယာတွေ အပေါ်မှာပေါ့နော် ဒီအစိုးရလက်ထက်ကျမှ တအားကိုပဲ ဖမ်းဆီးချုပ်နှောင်ခံရတယ်လို့ပြောတယ်။ အခု လက်ရှိအစိုးရအနေနဲ့ မီဒီယာတွေအပေါ်မှာ ဘယ်လိုသဘောထားတယ်ဆိုတာ ဆရာ့အနေနဲ့ ဘယ်လိုမြင်မိပါလဲ။ “သတင်းမီဒီယာသမားတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကာကွယ်ပေးရမှာက ဒီအစိုးရက ပိုပြီးတော့ တာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာသမားတွေရဲ့ ပခုံးထမ်းတင်ပေးမှုကြောင့် ၂၀၁၅ မှာ လူထုထောက်ခံမှု ရတာပါ။ အဲဒီလို လူထုထောက်ခံမှုရလာတဲ့ အစိုးရလက်ထက်ကျမှ သတင်းမီဒီယာသမားတွေက ၆၆(ဃ) နဲ့ အဖမ်းခံရတယ်၊ အခု မတရားအသင်း ဥပဒေတွေနဲ့ အဖမ်းခံရ၊ နောက်ထပ်လည်း ဘာလာဦးမလဲဆိုတာ မသိဘူး။" "ဘာလို့လဲဆိုတော့ အခုအစိုးရသစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကဲ့သို့ပေါ့။ အမှန်ကတော့ အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူး။ ပါတီခေါင်းဆောင်တယောက်ရဲ့ ပြောနေချက်အရဆိုရင် သတင်းမီဒီယာသမားတွေကို မတရားအသင်း ဥပဒေအရ ဖမ်းဆီးအရေးယူရမှာ ရဲတာဝန်၊ တပ်မတော်တာဝန် မဟုတ်ဘူးဆိုတဲ့ ဟာမျိုးလောက်ပဲ ပြောတာကိုး။ တကယ်တမ်းကျတော့ လုပ်ပေးရမှာက ဒီနေ့ သတင်းမီဒီယာသမားတွေကို တရားစွဲတာ၊ ကိုယ်ကအစိုးရပဲ၊ ကိုယ်က အစိုးရမှာမှ သမ္မတနေရာကို ရထားတာပဲ။ သမ္မတမှာ ဖမ်းဆီးအရေးယူမှုတွေနဲ့ ပတ်သက်ပြီး ပြန်လွှတ်နိုင်တဲ့ အာဏာရှိတာပဲ။ အဲဒီအာဏာတွေကို မသုံးစွဲဘဲနဲ့ တောင်ပြော မြောက်ပြောနေတာကို နားထောင်လိုက်ရင်တော့ အခုအစိုးရသစ်ဟာ သူ့ကို အခုလို အခြေအနေမျိုး နိုင်ငံရေးစင်မြင့်ပေါ် နိုင်ငံတော်အာဏာ ရအောင်လုပ်ပေးတဲ့ သတင်းမီဒီယာသမားတွေကိုတော့ ကောင်းကောင်းကြီး ကျေးဇူးဆပ်နေပြီလို့ ကျနော်ပြောပါရစေ။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024