Home
မြန်မာသတင်း
ဖမ်းဆီးမိသည့် ကျားသေကို တာချီလိတ်မြို့မသုဿန်တွင် မီးရှို့ဖျက်ဆီး
DVB
·
July 11, 2017
တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိထားတဲ့ ကျားသေကို ဇူလိုင် ၁၁ ရက်နေ့က တာချီလိတ်မြို့ မြို့မသုဿန်အတွင်းမှာ လူထုရှေ့မှောက် မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။ ကျားသေဟာ သေနေတဲ့အချိန်ကြာမြင့်ပြီဖြစ်တဲ့အတွက် သစ်တောရုံးချုပ်ကညွှန်ကြားရေးမှူးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ မီးရှို့ဖျက်ဆီးတာဖြစ်တယ်လို့ သစ်တောဦးစီးဌာနက တောအုပ်ကြီး ဦးလှဝင်းက ပြောပါတယ်။ ကျားသေကို ရေခဲရိုက်ထားကာ သယ်ဆောင်လာခဲ့တာဖြစ်ပြီး သယ်ဆောင်လာတဲ့သူကလည်း တဆင့်ခံ ပြန်လည်ဝယ်ယူခဲ့တာဖြစ်တဲ့အတွက် ဘယ်ဒေသက ကျားမှန်းမသိဘဲ စစ်ဆေးဆဲဖြစ်တဲ့ အပြင် ကျိုင်းတုံမြို့မှတဆင့် မိုင်လားမြို့သို့ သယ်ယူပို့ဆောင်မှာဖြစ်ပြီး ပို့ဆောင်ခိုင်းသူမှာလည်း ထိုင်းလူမျိုးတဦးဖြစ်ကြောင်း သစ်တောဦးစီးဌာနက သိရပါတယ်။ ဖမ်းဆီးရမိတဲ့ ကျားသေဟာ ဆိုဒ်တီးယားမျိုးနွယ်ဝင် ရှားပါးမျိုးစိတ်ဖြစ်ပြီး ထိုင်းနိုင်ငံက ဖမ်းဆီးရမိ ပြီး သယ်ဆောင်လာတာဖြစ်တယ်လို့ သစ်တောဦးစီးဌာနက သုံးသပ်ထားပြီး အလေးချိန် ၁၂၅ ကီလိုရှိကာ အရှည် ၈ ပေ ၈ လက်မ၊ အမြင့် ၂ ပေ ၄ လက်မနဲ့ လုံးပတ် ၃ ပေ ၁၀ လက်မ ရှိတယ်လို့ သိရပါတယ်။ ကျားသေကို မီးရှို့ဖျက်ဆီးတာနဲ့ပတ်သက်ပြီး ဒေသခံတွေကတော့ အခြောက်ခံ ပုံသွင်းပြီး အများအကျိုးရှိမယ့် နေရာမှာ အသုံးချစေချင်တယ်လို့လည်း သုံးသပ်ထားပါတယ်။ ကျားသေကို မီးရှို့ဖျက်ဆီးစဉ်မှာ တာချီလိတ်မြို့က စိတ်ဝင်စားတဲ့ ဒေသခံ အများအပြား လာရောက်ကြည့်ရှုခဲ့ပြီး အများအတွက်အကျိုးပြုနိုင်မယ့် အခြားသင့်တော်တဲ့ နည်းလုံးအသုံးပြု စေချင်မှုတွေကို မှတ်ချက်ချ ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ရေခဲရိုက်ထားတဲ့ကျားသေကို ဇူလိုင် ၉ ရက်နေ့က မယ်ယန် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေက မသင်္ကာဖွယ်ကားတစီးကို ရပ်တန့်ပြီး စစ်ဆေးချိန်မှာ ပလက်စတစ် မိုးကာစနဲ့ ပတ်ထားတဲ့ ကျားသေတစ်ကောင်ကိုတွေ့ရှိပြီး သစ်တောဦးစီးဌာနရိုးကို ပို့ဆောင်ကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး သယ်ဆောင်လာတဲ့သူ ၂ ဦးကိုတော့ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန်ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ(၃၇-က)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024