Home
မြန်မာသတင်း
မစ္စယန်ဟီးလီ လိုက်ပါလာသည့်လေယာဉ် ကျောက်ဖြူကိုအသွား စက်ချွတ်ယွင်းသဖြင့် ရပ်နားရ
DVB
·
July 11, 2017
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ စီးနင်းလိုက်ပါတဲ့ မြန်မာ့လေကြောင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲကနေ ကျောက်ဖြူကို ဆက်လက်ထွက်ခွာခါနီးမှာ စက်ချွတ်ယွင်းလို့ ရပ်နားလိုက်ရပါတယ်။ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဟန်က “ဒီကနေ့ မနက်ပိုင်းလောက်မှာ ဖြစ်တာပါ။ ရန်ကုန်-သံတွဲ-ကျောက်ဖြူ-စစ်တွေ ကျွန်းပတ်လေယာဉ်ပေါ့။ လေယာဉ်က ရောက်ပြီးမှ ပြန်ထွက်ခွာနီးမှာ စက်ချွတ်ယွင်းသွားတာပါ။ စက်ချွတ်ယွင်းသွားလို့ ကျောက်ဖြူကို ဆက်မသွားဘဲ နောက်တခြားတစီး စောင့်နေတာပါ။ လေယာဉ် စက်ချွတ်ယွင်းတဲ့ အပိုင်းကျတော့ သက်ဆိုင်ရာဌာကို မေးမှသိမှာပါ။ ထိခိုက်ဒဏ်ရာရတာကတော့ တယောက်မှမရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် ခရီးစဉ်အဖြစ် စစ်တွေ၊ ကျောက်ဖြူ၊ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေကို သွားရောက်ပြီး လူ့အခွင့်အရေးအခြေအနေတွေကို သွားရောက်လေ့လာနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီတခေါက် မြန်မာနိုင်ငံ ခရီးစဉ်ဟာ ၆ ကြိမ်မြောက်ခရီးစဉ်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်ကနေ ၂၁ ရက်အထိ ၁၂ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024