A d v e r t i s e m e n t With Us

မူးယစ်ဆေးဥပဒေနဲ့ အမျိုးသားရေးတာဝန်

  မကြာခင်ကပဲ နိုင်တော်အတိုင်ပင်ခံပုဂ္ဂိုလ်က “မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေး တာဝန်တရပ်အဖြစ် သတ်မှတ်လုပ်ဆောင်မယ်”လို့ မြွက်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ မူးယစ်ဆေးဝါးပြဿနာဟာ ယဉ်ပါးနေတဲ့ အမှုအခင်းတွေလို့ ဆိုရမလိုဖြစ်နေတယ်။ မူးယစ်လို့ပြောမယ်ဆိုရင်တော့ ဘိန်းနဲ့ဓာတုပစ္စည်းသုံး နှစ်မျိုးလုံးနဲ့ သက်ဆိုင်နေတယ်။ ဓာတုပစ္စည်းအသုံးပြုရာမှာ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါး အဖြစ် ဥပဒေက သတ်မှတ်ထားပါတယ်။ ဒါအပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံး “ကော်”ကို မူးယစ်အဖြစ် အသုံးပြုနေတာတွေလည်း နေ့စဉ်လူနေမှုဘဝမှာ မကြာခဏမြင်တွေ့ နေရပါတယ်။ ဘိန်းနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေအလိုအရဆိုရင် မူးယစ်ဆေးဝါးပေါင်း ၁၂၆ မျိုး။ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါး ၄၁ မျိုး၊ မူးယစ်ဆေးဝါးပင် ၃ မျိုး၊ မူးယစ်ချက် လုပ်ရာမှာ အသုံးပြုတဲ့ဓါတုပစ္စည်း ၆ မျိုးအထိရှိတယ်လို့ ဆိုပါတယ်။ ဒီအမျိုးအစား အားလုံးကို မူးယစ်ဥပဒေက တည်ဆဲဥပဒေအရ တားမြစ်ထားပြီးဖြစ်တယ်။ တကယ်တော့ မူးယစ်နဲ့ပတ်ပြီး မြန်မာနိုင်ငံကိုရောက်လာခဲ့တာ ကိုလိုနီအင်္ဂလိပ်တို့နဲ့ အတူ ရောက်လာခဲ့တယ်ဆိုရမယ် ထင်ပါတယ်။ အင်္ဂလိပ်တို့သယ်ဆောင်လာခဲ့ တာတော့ မဟုတ်ပါဘူး။ တရုတ်ပြည်ယူနန်ကနေ ရောက်လာခဲ့တာပါ။ ၁၈၈၆ ခုနှစ်မှာ ယူနန်မြန်မာနယ်စပ်မှာ အနည်းငယ်စိုက်ပျိုးတာရှိပေမယ့် အလုံးအရင်း ဖြစ်လာတာက ၁၉၀၉ ရှန်ဟဲနိုင်ငံတကာ ဘိန်းညီလာခံရဲ့ပိတ်ပင်မှုကြောင့် ရှမ်းကုန်းပြင်မြင့် ဒေသကို လှမ်းဝင်လာပြီး စိုက်ပျိုးထုတ်လုပ်ရာက ဒီနေ့အထိ ထိန်းမနိုင်တားမရ အခြေနေကို ရောက်လာခဲ့တာပါပဲ။ အင်္ဂလိပ်တို့ကလည်း ၁၉၂၃ မှာရှမ်းပြည်နယ်ဘိန်း ဥပဒေတရပ်ထုတ်ပြန်ပြီး၊ သုံးစွဲစိုက်ပျိုးသူတွေကို မှတ်ပုံတင်စေပြီး ဟန့်တားထိန်းချုပ်ခဲ့ဖူးပါတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၅၀မှာ ဘိန်းခန်းနှိပ်ကွပ်ရေးဥပဒေ၊ ၁၉၅၅မှာ ဘိန်းစားသုံးသူများ မှတ်ပုံ မတင်မနေရ ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ ဒီလိုပြဋ္ဌာန်းခဲ့ပေမယ့် ရှမ်းပြည်ဘက်မှာ ကူမင်တန်တွေဝင်ရောက်ပြီး ကျူးကျော် ၀င်ရောက်ရာက ဘိန်းစိုက်ဧရိယာတိုးချဲ့လာတာကြောင့် ဘိန်းပပျောက်မသွားဘဲ ပိုလို့သာ တိုးပွားလာပါတော့တယ်။ ပိုဆိုးဝါးလာတာကတော့ ၁၉၆၂ မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းပေးခဲ့တယ်။ အဲ့ဒီအဖွဲ့တွေဟာ ဘိန်းကို တရားဝင်ခွင့်ပြုလိုက်သလို တိုးချဲ့လုပ်ကိုင်လာကြပါတော့တယ်။ ၁၉၇၃ မှာ ကာကွယ်ရေးတပ်တွေကို ဖျက်သုံးခဲ့ပေမယ့် ဘိန်းစိုက်ပျိုးမှုကတော့ လျော့ကျမသွားခဲ့ပါဘူး။ အစိုးရအသီးသီး ခေတ်အဖုံဖုံမှာ ဘိန်းစိုက်ပျိုးမှုကို နှိမ်နင်းခဲ့ကြ ပေမယ့် ထိရောက်အောင်မြင်မှုဟာ ထင်သလောက် ခရီးမပေါက်ခဲ့တဲ့အပြင် အခုဆိုရင် ဘိန်းနဲ့ဆက်စပ်ပစ္စည်းသာမက စိတ်ကိုပြောင်းလဲစေတဲ့ ဓာတုဆေးဝါးသုံး ပစ္စည်းတွေပါ ဝင်ရောက်လာခဲ့ပါတော့တယ်။ ခေတ်တွေပြောင်းလာတာနဲ့အမျှ အကောင်းဘက်မှာတိုးတက်  လာခဲ့သလို အဆိုးဘက်ကလည်း နယ်ပယ်ချဲ့ထွင်မှုတွေ တဆင့်တက်လာခဲ့တယ်။ လက်ရှိကျင့်သုံးနေတဲ့ မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဥပဒေဟာ ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်တယ်။ အချိန်ကာ လကွာခြားချက်အနှစ် ၂၀ ကျော်ကာလ အတွင်း မူးယစ်ဆေးအမျိုးအစားတွေ များစွာ ပေါ်ပေါက်လာခဲ့ပါပြီ။ ဒီလိုအခြေအနေတခုမှာ တည်ဆဲဥပဒေဟာ လုံလောက်မှုရှိနိုင်ပါ့မလား။ အသစ်ပြဌာန်းတာ၊ ပြန်လည်မွန်းမံပြင် ဆင်တာတွေလုပ်ဖို့လိုနေပြီလား။ အမျိုးသား တာဝန်တရပ် အနေနဲ့လုပ်ဆောင်ဖို့ဆိုရင် တည်ဆဲဥပဒေနဲ့တင် လုံလောက်ပါရဲ့လား ဆိုတာတွေဟာ ပြည်သူလူထုရဲ့စိတ်ဝင်စားမှုနယ်အတွင်း ရှိနေခဲ့တာကြောင့် DVBLawLab ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာအစီစဉ်မှာ ဆွေးနွေးတင်ဆက်ဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ထဲက တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကတော့ စီစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့အမေးကိုဖြေရာမှာ “ဥပဒေအသစ်ကတော့ အပြစ်ပေးစနစ်အစား ပြုပြင်မှုကိုအဓိက ထားတာပါ။ ဒါပေမယ့်လည်း ပြုပြင်မှုမှာ လူ့ဂုဏ်သိက္ခာကို ရှေ့ရှုဖို့လိုပါမယ်။ ဥပဒေအသစ်မှာ သုံးစွဲသူကို ပြစ်ဒဏ်မပေးတော့ပဲ ပညာပေးပြုပြင်မယ်ဆိုတာ ကောင်းပါတယ်”လို့ ဖြေကြားသွားပါတယ်။ တဆက်တည်းပြောတာကတော့ “မူးယစ်သုံးစွဲမှုနှုန်းမြင့်လာတာဟာ မြန်မာနိုင်ငံမှာ တကယ့်လက်ငုတ်လက်ရင်းတွေကို ပယောဂကုထုံးလောက်နဲ့ လုပ်လို့မရဘူး။ ပင်စည်တင်ခုတ်တာ။ အမြစ်ကို မတူးကြလို့ပါပဲလို့ ဆိုပါတယ်။ မူဝါဒပြောင်းလဲရေး ထောက်ခံဆွေးနွေးရေးအဖွဲ့က ဒေါ်နန်းပန်းအိခမ်းကတော့ မူးယစ်ဥပဒေမှာ ပုဒ်မ (၆-ခွဲ- ၂၃) ကိုပယ်ဖျက်တာဟာ မဖြစ်သင့်ဘူးလို့ ယူဆကြောင်း။ ရောင်းချဖြန့်ဖြူးသူကိုမိပေမယ့် သူပိုင်ငွေ၊ ပစ္စည်းကို မသိမ်းယူရဆိုတာကြောင့် ငွေမဲကို ငွေဖြူလုပ်သူတွေ အခွင့်အလန်းတခု ရသွားစေတယ်။ ဒါကိုအကြောင်းပြုပြီး စီးပွားရေး လုပ်မယ်။ ဒီငွေနဲ့တရားဥပဒေကိုငွေပေးပြီး အဂတိဖြစ်ပေါ်စေမယ်။ ဒီငွေနဲ့ ဒီပစ္စည်းတွေဟာ မူးယစ်ကရတဲ့ ငွေနဲ့ပစ္စည်းဖြစ်တယ်။ ဒါကြောင့် ဒီပုဒ်မဟာ မပယ်ဖျက်သင့်ဘူးလို့ ကန့်ကွက် ဆွေးနွေးသွားပါတယ်။ “ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ အစီအစဉ်မှာ ဆွေးနွေးကြတာတွေဟာ စိတ်ဝင်စား စရာတွေပါ။ စဉ်းစားစရာ အချက်တွေကိုလည်း ပေါ်ထွက်လာစေပါတယ်။ မူးယစ်သုံးစွဲသူ တွေကို ပြစ်ဒဏ်ပေးအရေးယူခဲ့တာဟာ အခုဆိုရင် နှစ်အတော်ကြာကြာ ဆောင်ရွက်ခဲ့ပြီးပါပြီ။ ဒါပေမယ့် သုံးစွဲသူဦးရေဟာ လျော့နည်းမသွားခဲ့ပါဘူး။ ထိုနည်းတူ မူးယစ်မှောင်ခိုကူးဂိုဏ်းများကလည်း အကာအကွယ်ကောင်းကောင်းနဲ့ အပြိုင်းအယိုင်းရှိနေခဲ့တာပါ။ လေ့လာသူ တချို့ရဲ့ ထောက်ပြဝေဖန်မှုတွေကို ကြည့်တော့လည်း အရပ်ရပ်လက်နက်ကိုင်အင်အားစုတွေနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မူးယစ်မှောင်ခိုကူးသန်းမှု လျော့ကျသွားဖို့ဆိုရင် ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ဟာ အဓိကအချက်ပဲလို့ ထောက်ပြခဲ့ကြပါတယ်။ ကဲ…ဒါဆိုရင် မူးးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးကင်းစင်ရေးကို အမျိုးသားရေးတာဝန်တရပ်အဖြစ် လုပ်ဆောင်ဖို့ဆိုရင် ပြည်တွင်ငြိမ်းချမ်းရေးက အခြေခံကျလို့ နေပါတယ်။ ဒါ့အပြင် အမျိုးသားရေးတာဝန်အဖြစ် လုပ်ဆောင်ဖို့ဆိုရင် ဥပဒေပြင်ရုံနဲ့ ပြီးဆုံးသွားခြင်းမျိုးမဟုတ်ပဲ၊ လူထုပါဝင်နိုင်မှုဟာလည်း အထူး လိုအပ်မှာဖြစ်ပါတယ်။ အမျိုးသားရေးတရပ်လို့ ပြောလာပြီဆိုရင် အစိုးရပိုင်းသာမက အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ NGOအဖွဲ့တွေ၊ သတင်းမီဒီယာတွေနဲ့အတူ လူထုအခန်းကဏ္ဍကိုပါ ထည့်သွင်းလုပ်ဆောင်ကြရမှာပါ။ ဒါကြောင့်အမျိုးသားရေး တာဝန်တရပ်အဖြစ် သတ်မှတ်လုပ်ဆောင်မယ့် အစိုးရရဲ့အစီအမံကို စောင့်ကြည့်ကြဖို့ လိုမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ထွန်းဇော်ဌေး

A d v e r t i s e m e n t With Us

More News
Up