အကျဉ်းထောင်အသီးသီးမှာ ကျန်ရစ်ခဲ့ကြတဲ့ ယုံကြည်ချက် အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် စာရေး၊ စာတင် တောင်းဆိုရုံမျှဖြင့် မရနိုင်တော့ဘဲ တောင်းဆိုမှု အဆင့်ဆင့် ပြုလုပ်ရတော့မယ်လို့ အရှင်ဝီရသူက မိန့်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်တဲ့ အရှင်ဝီရသူလို့ လူသိများတဲ့ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (မစိုးရိမ်တိုက်သစ်) က ဒီလ ၂၂ ရက်နေ့က ကြေညာချက်တစောင်ထုတ်ပြန် မိန့်ကြားလိုက်တာပါ။
ပြည်ထောင်စုအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးအပါအဝင် အမျိုးသားလူ့အခွင့်ရေး ကော်မရှင်တွေကိုပါ ကျန်ရှိတဲ့ ယုံကြည်ချက် အကျဉ်းသားစာရင်းကို တင်ပြခဲ့ပေမယ့် ဒီနေ့အချိန်အထိ ပြန်လွှတ်ပေးတာမျိုး မရှိသေးတဲ့အပေါ် ဆရာတော်က မိန့်ကြားလိုက်တာပါ။
“ဦးဇင်း လွတ်လာပြီး ရက်ပိုင်းအတွင်းမှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်တယ်လေ။ အဲ့ဒီပွဲမှာ ယုံကြည်ချက် အကျဉ်းသားတွေ ကျန်တာ ရှိရင် စာရင်းပေးပါ။ လွှတ်ပေးပါမယ် ဆိုပြီး အစိုးရကိုယ်တိုင် တရားဝင် ကမ်းလှမ်းခဲ့တယ်လေ။ ဦးဇင်းက မန္တလေးထောင်နဲ့ မြစ်ကြီးနားထောင်မှာ နေခဲ့တာဆိုတော့ မန္တလေးထောင်မှာ ကျန်ခဲ့တဲ့ အကျဉ်းသားတွေ စာရင်း ကောက်လိုက်တယ်။ မြစ်ကြီးနားထောင်မှာ ကျန်ရှိတဲ့ အကျဉ်းသားစာရင်းနဲ့ ပေါင်းလိုက်တဲ့အခါမှာ မန္တလေးထောင်မှာ ၇၆ယောက်ကျန်တယ်။ ၇၆ယောက်ထဲမှာ ဦးဇင်း ၁၈ ပါး၊ ကိုရင် ၂ ပါး။ မြစ်ကြီးနားမှာ နိုင်ငံရေး ယုံကြည်ချက်နဲ့ ကျတဲ့ ဦးဇင်း ၂ ပါးကျန်တယ်။ အားလုံးပေါင်းတော့ ၇၈ ယောက်ပေါ့။ ဦးဇင်း စာရင်းပြုစုပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကိုလည်း တင်တယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးဌာနကိုလည်း တင်တယ်။ နောက် အိတ်ခ်ျအာဒဗလျူတို့ ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း တင်တယ်။ အဲ့လို စာတင်ပြီးတော့ နေခဲ့တယ်။ ပြည်ထောင်စုနေ့ အခါကြီးရက်ကြီးမှာ လွှတ်မလားနဲ့ပေါ့။ ဒါပေမယ့် ပြည်ထောင်စုနေ့မှာလည်း မထူးခြားလာဘူးလေ။ ဒါကြောင့် ဒီကြေညာချက်ကို ထုတ်လိုက်တာ။”
ဒီလို တောင်းဆိုမှု အဆင့်ဆင့်ကို ပြုလုပ်တဲ့နေရာမှာလည်း သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလမ်းစဉ်ကို မထိခိုက်စေဘဲ ငြိမ်းချမ်းစွာနဲ့ အေးချမ်းစွာ ဝတ်ပြုဆုတောင်းတာ၊ ဆန္ဒပြုတာတွေကို အရင်ဆုံး ဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့် တပေါင်းလပြည့်နေ့ နောက်ပိုင်းမှာ စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
“တပေါင်းလပြည့်နေ့ကို တချက် မှန်းထားပါတယ်။ တပေါင်းလပြည့်နေ့က ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်နဲ့လည်း ကြုံတော့ ဒီလိုရက်မျိုးမှာ သာသနာ့ ဒါယိကာကြီးတွေက ဒီလို လွတ်ငြိမ်းချမ်းသာခွင့် ကုသိုလ်ထူးတွေများ လုပ်ကြဦးမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဦးဇင်း တပေါင်းလပြည့်နေ့ကို စောင့်ပါဦးမယ်။ တပေါင်းလပြည့်ကျော်လို့မှ လွတ်ငြိမ်းချမ်းသာဖို့ အစီအစဉ် မရှိဘူးဆိုရင် ပြန်မလွတ်သေးတဲ့ ယုံကြည်ချက် အကျဉ်းသားတွေရဲ့ မိသားစုတွေနဲ့ လွတ်မြောက်လာတဲ့ ယုံကြည်ချက် အကျဉ်းသားဟောင်းတွေ ပေါင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း၊ သိမ်သိမ်မွေ့မွေ့၊ ညင်ညင်သာသာနဲ့ အေးအေးဆေးဆေး ဖြစ်သွားအောင် ဝတ်ပြု၊ ပရိတ်ရွတ်၊ ဆန္ဒပြု၊ ဆုတောင်းပွဲလေးက စမှာပါပဲ။”
အရှင်ဝီရသူ မစိုးရိမ် ဆရာတော်ဟာ မြစ်ကြီးနားထောင်ကနေ ပြန်လည် လွတ်မြောက်လာစကလည်း အကျဉ်းကျခံနေရတဲ့ ရဟန်းသံယာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ တယောက်မကျန်ပြန်လွှတ်ဖို့နဲ့ ရဟန်းသံယာတော်တွေ အကျဉ်းကျနေစဉ် သင်္ကန်းဝတ်ဆင်ခွင့်ရရှိဖို့ အဖြူရောင် သင်္ကန်းကို ဝတ်ဆင်တောင်းဆိုခဲ့ဖူးပါတယ်။
ဆရာတော်ဟာ ထေရဝါဒတိုက်ပွဲ (သို့) ထေရဝါဒဒို့တိုင်းပြည်နဲ့ ပရိယတ္တိရွှေချိန်ခွင် စာအုပ်တွေကို ပြုစုရေးသားခဲ့တဲ့ပြီး။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တရားတွေကို ဟောကြားထုတ်ဝေခဲ့ပါတယ်။
ဒါ့အပြင် ဆရာတော်ဟာ ဖမ်းဆီးမခံရခင်မှာ ဓမစရိယသင်တန်းတွေ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွေ ဖွင့်လှစ်ခဲ့သလို သွေးလှူဘဏ်နဲ့ စာကြည့်တိုက်စတဲ့ လူမှုရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ ဆရာတော်ကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့တာပါ။ အကျဉ်းကျခံနေရစဉ် ၂၀၁၁ ခုနှစ်မှာတော့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး အညတရသူရဲကောင်းဆု ဆရာတော်ကို ချီးမြှင့်ခဲ့ပါတယ်။