Home မြန်မာသတင်း နယ်စပ်လုံခြုံရန် သူရ ဦးရွှေမန်းကို တရုတ် တောင်းဆို
နယ်စပ်လုံခြုံရန် သူရ ဦးရွှေမန်းကို တရုတ် တောင်းဆို
ပီတာအောင်
·
February 24, 2012
shwe mahn and china မြန်မာအစိုးရအနေနဲ့ နယ်စပ်ဒေသလုံခြုံရေးကို သေချာအောင် ဆောင်ရွက်ဖို့တရုတ်အစိုးရက တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တရုတ်အစိုးရ နိုင်ငံရေးအကြံပေးအဖွဲ့ အကြီးအကဲ ဂျာချင်လင်း (Jia Qinglin) က ပြောကြားခဲ့တာပါ။
မြန်မာအစိုးရဟာ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ တရုတ်အစိုးရက မျှော်လင့်တဲ့ အကြောင်း တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။
တရုတ်နယ်စပ်မှာ မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်တပ်တွေ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲထိ ရောက်ရှိလာမှုနဲ့ ထိုင်း-မြန်မာ နယ်စပ် မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောတွေ တိုက်ခိုက်ခံရမှုတွေကြောင့် တရုတ်က နယ်စပ်လုံခြုံရေး စိုးရိမ်ပူပန်နေတာပါ။
တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာတော့ တရုတ်အစိုးရ အကြံပေးပုဂ္ဂိုလ် ဂျာချင်လင်းက မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ရေး အပါအဝင် မဟာဗျူဟာမြောက် ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက်မယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအဖြစ် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ထောက်ခံအားပေးပြီး နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးရေး အားထုတ်နေမှုတွေကိုလည်း ဆက်လက် အားပေးနေမယ်လို့ပြောပါတယ်။
နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို အကာအကွယ်ပေးဖို့ ကိစ္စဟာ နှစ်နိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွား ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် သူရဦးရွှေမန်းကတော့ ယခုနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ အားပေး ထောက်ခံမှုကို ကျေးဇူးတင်တဲ့အကြောင်း အစိုးရနဲ့ ပြည်သူတွေဟာ တရုတ်နဲ့ ချစ်ကြည်ရေးကို တန်ဖိုးထားတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
သူရရွှေမန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ် အမျိုးသားပြည်သူ့ ကွန်ဂရက်ဥက္ကဋ္ဌ ဝူဘန်ကို့ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကနေ ဖေဖော်ဝါရီ ၂၂ - ၂၆ ရက်အထိ ၅ ရက်ခရီးစဉ် အဖြစ် ရောက်ရှိ နေတာပါ။
ဒီခရီးစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် စစ်ဦးစီးချုပ် အပါအဝင် တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဆက်စပ်သတင်းများ