Home
မြန်မာသတင်း
လားရှိုးတွင် ဗုံးခွဲမည့်သတင်းကြောင့် ကြိုတင်ကာကွယ်မှုများလုပ်နေဟု စစ်ဗျူဟာမှူးပြော
ပိုင်စိုး
·
July 9, 2017
လားရှိုးမြို့ပေါ်မှာ ဗုံးဖောက်ခွဲမယ့် သတင်းရရှိထားပြီး ကြိုတင်ကာကွယ်တာတွေ လုပ်နေပြီး မသင်္ကာသူတွေတွေ့ရင် အကြောင်းကြားဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေတယ်လို့  လားရှိုး စစ်ဗျူဟာမှူးက ပြောပါတယ်။ “လူထုပူးပေါင်းပါဝင်နိုင်အောင် ဆောင်ရွက်တာပါ။ တပ်မတော်၊ ရဲနဲ့ ပြည်သူ့စစ်တွေ အားလုံးပူးပေါင်း ဆောင်ရွက်နေပါတယ်။ ပုံမှန်ကင်းလှည့်တာတွေ လုပ်ပါတယ်။ လုံခြုံရေးလုပ်နေတာ အသေးစိတ်ကိုတော့ ပြောခွင့် မရှိပါဘူး” လို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေက ဒီဗွီဘီကို ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၄ ယောက်တို့ကို ဗုံးဖောက်ခွဲဖို့ စေလွှတ်ထားတယ်လို့ လက်ကမ်း စာစောင်တွေမှာ ဖော်ပြထားပါတယ်။ ပြီးတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (တီအန်အယ်လ်အေ) အဖွဲ့ကလည်း ဗုံးကျွမ်းကျင်သူ ၂၀ လောက်ဟာ ဖောက်ခွဲမယ့်နေရာတွေကို ကြိုတင် လေ့လာနေတယ်လို့လည်း ဖော်ပြထားပါတယ်။ လူစည်ကားရာ ဈေးတွေ၊ ကားဂိတ်တွေ၊ အစိုးရဌာနတွေ၊ ဘူတာရုံတွေကို ပစ်မှတ်ထား လေ့လာနေတယ်လို့ သိရတဲ့အကြောင်းလည်း လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။ “အခုလို စာဝေတာကို ပထမဆုံးကြုံဖူးတာပါ။ မနေ့က စပြီး ကင်းလှည့်နေတာ တွေ့တယ်။ မြို့မှာတော့ အေးအေးဆေးဆေးပါပဲ” လို့ လားရှိုးဒေသခံ မိုင်းကောင်းဆိုင်က ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကေအိုင်အို နိုင်ငံရေးညှိနှိုင်းဆွေးနွေးအကြံပေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဦးဒေါင်းခါးက “ကျနော်တို့က လားရှိုးမြို့ကြီးကို သွားသိမ်းစရာလည်း မလိုဘူး။ တိုက်စရာလည်း မလိုဘူး။ လူထုကြောက်လန့်အောင် လုပ်စရာလည်း မလိုဘူး။ ဒါဟာ ရန်သူ့နယ်မြေလို့ သတ်မှတ်လို့လည်း မရဘူး။ လူတွေ နေတဲ့နေရာလေ။ တော်လှန်ရေးတပ်တွေ တိုက်တယ်ဆိုတာက စစ်ကြောင်း၊ စစ်ယာဉ်တန်းကိုပဲ တိုက်တာ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်နဲ့ ကချင်ပြည်နယ် တနိုင်းဝန်းကျင်မှာ လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024