ငြိမ်းချမ်းရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရင် အောင်မြင်ပါလိမ့်မယ်
ပီတာအောင်
·
February 24, 2012

ပြီးခဲ့တဲ့ လပိုင်းကမှ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) တပ်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားနေပါတယ်။
ဒီတိုက်ပွဲတွေကြောင့် မြန်မာအစိုးရ ဆောင်ရွက်နေတဲ့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လိုထိခိုက်မှုရှိမလဲ။ မြန်မာနိုင်ငံမှာ ရေရှည်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဘာတွေလုပ်ဖို့ လိုအပ်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာအစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော် အပစ်ခတ်ရပ်စဲရေး သဘောတူထားပြီးတဲ့နောက်မှာ တိုက်ပွဲတွေ ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ တွေ့ရပါတယ်။ ဘယ်နေရာတွေမှာ အဓိက တိုက်ပွဲတွေ ဖြစ်နေတာလဲ။
[caption id="attachment_21689" align="alignright" width="300" caption="ဗိုလ်မှူး စိုင်းလောဝ်ဆိုင်"]
[/caption]
“တိုက်ပွဲဖြစ်တဲ့နေရာရာကတော့ တာချီလိတ်မြို့နယ်ထဲက မန်ခိုင်ကျေးရွာအုပ်စုမှာပါ။ နောက်ပြီးတော့ မိုးဗြဲ၊ မိုင်းပန်၊ သီပေါ၊ ကျောက်မဲမြို့နယ်တွေမှာ မလိုအပ်တဲ့ပြဿနာတွေ ပေါ်ပေါက်လာပြီးတော့ တိုက်ပွဲငယ်လေးတွေ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပါတယ်။”
ဒီနေ့ထိ ဆက်ပြီးတော့ ဖြစ်နေတုန်းပဲလား။
“မနေ့ကတော့ နေ့လယ်ပိုင်းကနေ မွန်းလွဲကျော်ကျော် အချိန်ထိတော့ တိုက်ပွဲငယ်လေးတွေ ဖြစ်နေတုန်းပါပဲ။ မိုင်းခိုင်း မြို့နယ်ထဲမှာ။”
တိုက်ပွဲတွေကြောင့် နှစ်ဖက် အသေအပျောက် ဒဏ်ရာရသူ ဘယ်လောက် ရှိသလဲ။
“မိုင်းပြင်းမြို့နယ်ထဲမှာဆိုရင် ကျနော်တို့ သေနတ် ၁ လက် ဆုံးရှုံးပါတယ်။ နောက်ပြီးတော့ ကျောက်မဲမြို့နယ်ထဲမှာဆိုရင် ကျနော်တို့ အရာရှိ ၁ ဦးနဲ့ သူ့မိသားစု အားလုံးကို အစိုးရတပ်တွေက သတ်ဖြတ်သွားပါတယ်။ ဒု-ဗိုလ်အဆင့်ပါ။”
အစိုးရဘက်က အကျအဆုံး ဘယ်လို သတင်းရပါသလဲ။
“၃ ယောက်လောက် ဒဏ်ရာရသွားတယ်လို့တော့ အတည်ပြုလို့ မရသေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။”
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီးမှ အခုလိုမျိုးတိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာက ဘာကြောင့် ဖြစ်ပွားနေတာလဲ။
“အစိုးရတပ်ဘက်က ငြိမ်းချမ်းရေးအကျိုးဆောင်တွေ အပစ်အခတ် ရပ်စဲထားတာကို နားလည်မှု လွဲနေတာလားတော့ မသိပါဘူး။ ကျနော်တို့က အကျိုးဆောင်တွေ ပြန်မေးတော့ နားလည်မှုလွဲနေတာပါလို့ ကျနော့်ကို ပြန်ပြောပါတယ်။”
နားလည်မှုလွဲတယ်ဆိုတာ ဘာကိုပြောတာလဲ။
“အောက်ခြေက မသိတဲ့ပုံစံမျိုး၊ နားမလည်တဲ့ ပုံစံမျိုးနဲ့ သူတို့ အဲဒီလိုမျိုး ကျနော်တို့ကို ပြန်ရှင်းပြပါတယ်။ အမှန်ဆိုရင် တပ်မတော်က အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာပဲ ရှိတယ်ဆိုတော့ အစိုးရက ကျနော်တို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရပြီးတော့ လက်မှတ် ရေးထိုးထားတာတွေကို အောက်ခြေတပ်တွေ ထိအောင် သူတို့ ရှင်းပြဖို့ တာဝန်ရှိပါတယ်။ ဒီလိုမျိုး မလိုအပ်တဲ့ တိုက်ပွဲတွေ၊ ပြဿနာတွေ မဖြစ်ပေါ်ဖို့အတွက်လည်း အစိုးရကနေ တာဝန်ယူပြီးတော့ ရှင်းပြဖို့၊ ထိန်းသိမ်းကွပ်ကဲပေးဖို့ တာဝန်ရှိတယ် ဆိုတဲ့အကြောင်း အကျိုးတော်ဆောင်တွေကနေ တဆင့် အကြောင်းကြားထားပါတယ်။ ကျနော်တို့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေး အဆင့်မရောက်သေးခင်မှာ ဒီ ပဏာမသဘောနဲ့ ကျနော်တို့ သဘောတူညီချက်တွေ ရရှိထားတာတွေကို မပျက်ပြားစေချင်တဲ့အကြောင်းတွေ ကျနော်တို့ ပြောပါတယ်။”
နောက်ထပ် တွေ့ဆုံဆွေးနွေးမှုတွေ ဘယ်တော့လောက် လုပ်မယ်လို့ ညှိနှိုင်းထားတာ ရှိလဲခင်ဗျ။ ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့ပေါ့။
“အဲဒါကတော့ လိုအပ်ရင် လိုအပ်သလို ဆွေးနွေးသွားဖို့ ကျနော်တို့ ပြောထားပါတယ်။ အဲဒီလိုမျိုး ပြဿနာတွေ ဖြစ်ပေါ်လာရင်တော့ ပိုပြီးတော့ လိုအပ်ပါတယ်လို့ ကျနော်တို့ ထင်ပါတယ်လေ။”
ရှမ်းပြည်နယ်ထဲမှာ ဆက်ဆံရေးရုံးတွေ ဖွင့်ဖို့ အခြေအနေကရော ဘယ်တော့လောက် စပြီးတော့ ဖွင့်နိုင်မလဲ။
“ကျနော်တို့ ၃၊ ၄ ရုံးလောက်တော့ ဖွင့်နိုင်ပါပြီ။ တောင်ကြီး၊ ကျိုင်းတုံနဲ့ တာချီလိတ်မှာပါ။ နမ့်ခမ်းဘက်မှာလည်း ကျနော်တို့ စီးပွားရေးရုံးတွေ ဖွင့်နေပါပြီ။”
လွတ်လွတ်လပ်လပ် လုပ်ခွင့်ရလား။ အဲဒီမှာ ပိတ်ပင်တားဆီးတာတွေ ရှိလား။
“ပိတ်ပင်တားဆီးမှုတော့ တစုံတရာ မရှိပါဘူး။ နယ်မြေခံတပ်က တာဝန်ရှိသူတွေနဲ့ ကျနော်တို့ အကြောင်းကြားပြီးတော့ သူတို့ အကူအညီတွေနဲ့ ကျနော်တို့ လုပ်စရာရှိတာတွေ ကောင်းကောင်းမွန်မွန် လုပ်ဆောင်လို့ ရပါတယ်။ ဒီဖြစ်ပေါ်လာတဲ့ ကိစ္စတွေ ကျနော်တို့ ဆက်ဆံရေးရုံးကနေတဆင့် ဒီကိစ္စနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ အားလုံးကို ကျနော်တို့ အကြောင်းကြားပါတယ်။ အဆက်အသွယ်ပြုပါတယ်။ ဖြေရှင်းမယ့် နည်းလမ်းတွေကိုလည်း ကျနော်တို့က တောင်းခံပါတယ်၊ တင်ပြပါတယ်။”
ငြိမ်းချမ်းရေးသဘောတူထားပြီးမှ အဲဒီလိုမျိုး တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် ငြိမ်းချမ်းရေးရဲ့ ရှေ့အလားအလာ ဘယ်လို ရှိမယ်ထင်လဲ။ အစိုးရဘက်က ဒီလိုမျိုး တိုက်နေဦးမယ်ဆိုလို့ ရှိရင် အက်စ်အက်စ်အေက ဘယ်လို သဘောထားမလဲ။
“ကျနော်ထင်တာတော့ အစိုးရက တာဝန်ယူပါလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုမျိုး ပြဿနာတွေ ထပ်မဖြစ်အောင် အားလုံး နားလည်မှုတွေ မလွဲမှားအောင် အစိုးရက ထိန်းသိမ်းပေးမယ်၊ ကွပ်ကဲပေးမယ် ဆိုတဲ့ သဘောမျိုးတော့ ရှိလိမ့်မယ်လို့ ထင်တယ်လေ။ ကျနော်တို့ ယုံကြည်တယ်လေ။”
လက်တလောမှာတော့ ကချင်ဘက်မှာလည်း ငြိမ်းချမ်းရေးက မရသေးဘူးပေါ့။ နောက် ရထားပြီးသား အဖွဲ့တွေလည်း ဥပမာ - ဒီကေဘီအေ အဖွဲ့က ငြိမ်းချမ်းရေး ဖျက်လိုက်ပြီ ဆိုပြီးတော့ သတင်းတွေ ထွက်နေတယ်ပေါ့။ ဒီလို အခြေအနေမှာ ရေရှည်ပေါ့နော်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရေရှည်ရအောင်လို့ အဓိက လိုအပ်ချက်က ဘာလဲလို့ ပြောလို့ ရမလဲ။ ဘာတွေလုပ်ဖို့ လိုအပ်မယ် ထင်ပါသလဲ။
“အဓိကကတော့ ကျနော်တို့ရဲ့ စေတနာပါပဲ၊ တိုင်းပြည်အပေါ်ရော ကျနော်တို့ ထားရှိတဲ့ စေတနာတွေ ဘယ်လောက် သန့်သလဲ၊ ဘယ်လောက် စေတနာမှန်သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတဲ့ လမ်းစဉ်မှာ ကျနော်တို့ တိုင်းရင်းသားတွေ၊ အားလုံးသော အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ကျနော်တို့ တပ်မတော်ရယ် အဲဒါတွေ အားလုံးပါဝင်ပြီး ပူပေါင်းဆောင်ရွက်မှာ ဖြစ်တဲ့ဟာပါ။ ဒါကြောင့် အားလုံးပူးပေါင်းဆောင်ရွက်ရင်တော့ အောင်မြင်ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
