DVB Logo
Home
မြန်မာသတင်း
အုန်း​ဖျန် မီး​ဘေး​ဒုက္ခသည်များ​ ​နေစရာအခက်အခဲ ကြုံ​တွေ့​နေ
DVB
·
February 24, 2012
အုန်း​ဖျန် မီး​ဘေး​ဒုက္ခသည်များ​ ​နေစရာအခက်အခဲ ကြုံ​တွေ့​နေ
Donate to DVB

ထိုင်း​-မြန်မာနယ်စပ် မဲ​ဆောက်မြို့​အနီး​က အုန်း​ဖျန် ဒုက္ခသည်စခန်း​မှာ ​လောင်ကျွမ်း​ခဲ့​တဲ့​ မီး​ကြောင့်​ ​နေအိမ်​တွေ မီး​ထဲပါသွား​တဲ့​ ဒုက္ခသည်​တွေဟာ ​နေ​ရေး​၊​ ထိုင်​ရေး​နဲ့​တခြား​အခက်အခဲ အများ​အပြား​နဲ့​ ရင်ဆိုင်​နေရတယ်လို့​ ဒုက္ခသည်စခန်း​ တာဝန်ရှိသူ​တွေက ​ပြောပါတယ်။

[caption id="attachment_21620" align="alignright" width="300" caption="အုန်းဖျန် ဒုက္ခသည်စခန်း မီးလောင်စဉ်"][/caption]

မ​နေ့​ မွန်း​လွဲပိုင်း​က ဖြစ်ပွား​ခဲ့​တဲ့​ မီး​ကြောင့်​ အိမ် ၅၀၀ ​ကျော် ဆုံး​ရှုံး​သွား​ခဲ့​ပြီး​ အိမ်​ထောင်စု ၇၀၀ ခန့်​က လူဦး​ရေ ၄၀၀၀ ​ကျော် အိုး​မဲ့​အိမ်မဲ့​ ဖြစ်သွား​တယ်လို့​ ဒုက္ခသည်စခန်း​ တာဝန်ရှိသူ​တွေနဲ့​ အကူအညီ​ပေး​ရေး​ အဖွဲ့​တွေက ​ပြောပါတယ်။

မီး​လောင်မှု​ကြောင့်​ မီး​ဘေး​သင့်​ ဒုက္ခသည်​တွေမှာ ပိုင်ဆိုင်တဲ့​ ပစ္စည်း​တွေအား​လုံး​ ဆုံး​ရှုံး​ခဲ့​သလို၊​ လိုအပ်ချက်​တွေ အများ​အပြား​ ရှိ​နေတယ်လို့​ အုန်း​ဖျန် ဒုက္ခသည်စခန်း​ ​ကော်မတီ ဥက္ကဋ္ဌ ​စောဝါး​ထီး​က ​ပြောပါတယ်။

“မီး​ဘေး​သင့်​တဲ့​သူ​တွေက​တော့​ ကျ​နော်ကြည့်​ရတာ တချို့​ဆိုရင် ​ဝေဒနာရှင်အဆင့်​တောင် ဖြစ်သွား​မလား​ မသိဘူး​။ ဆိုလိုချင်တာက ဘာမှ မရှိ​တော့​ဘူး​လေ။ အဝတ်တထည် ကိုယ်တခုပဲ ရှိ​တော့​တယ်။ အစစအရာရာ အား​လုံး​ လိုအပ်တာ​ပေါ့​။ ပရိ​ဘောဂ၊​ အိမ်သုံး​ပစ္စည်း​၊​ အိမ်​ဆောက်ဖို့​ ပစ္စည်း​ရော ဘာမှ မရှိ​တော့​ဘူး​လေ။”

လတ်တ​လော အိုး​မဲ့​အိမ်မဲ့​ ဖြစ်သွား​သူ​တွေဟာ ဗလီ၊​ ရုံး​နဲ့​ကျောင်း​တွေမှာ ​နေထိုင်လျက်ရှိပြီး​ ကုလသမဂ္ဂ ဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ရုံး​၊​ စား​နပ်ရိက္ခာ ကူညီ​ထောက်ပံ့​တဲ့​ (တီဘီဘီစီ)၊​ ဘာသာ​ရေး​ အဖွဲ့​အစည်း​တွေနဲ့​ တဦး​ချင်း​ အလှူရှင်​တွေက အကူအညီ ​ပေး​နေပါတယ်။

မီး​ဘေး​သင့်​ဒုက္ခသည် တဦး​က​တော့​ ​နေစရာမရှိလို့​ အခက်ကြုံ​နေရပုံကို ခုလို ​ပြောပါတယ်။

“ကျ​နော်တို့​ စာသင်​ကျောင်း​မှာ အ​ယောက် ၂၀၀ ​လောက်ရှိပါတယ်။ ၁၃ ရပ်ကွက်မှာ ရိက္ခာဂို​ဒေါင်ရှိတယ်။ တချို့​လည်း​ အဲ့​ဒီမှာ သွား​နေကြတယ်။ ​နောက် ၆ ရပ်ကွက် ဘက်က ဗလီ။ ဗလီမှာ​တော့​ မီး​မ​လောင်ဘူး​ပေါ့​။ ဗလီနဲ့​ ​ဘော်ဒါ​ဆောင်ဘက်မှာ လူ​တွေ ​နေ​နေရတယ်။ ​နေ​ရေး​၊​ ထိုင်​ရေး​က​တော့​ အဆင်​ပြေတယ်​တော့​ မဟုတ်ဘူး​ပေါ့​နော်။ ရာသီဥတုက​အေး​တော့​ တညလုံး​ အိပ်လို့​မရဘူး​။ က​လေး​တွေလည်း​ ဝမ်း​သွား​ပြီး​ အန်​နေ​တော့​ သူတို့​ကိုလည်း​ ဂရုတစိုက် ပြုစု​နေရပါတယ်။”

မီး​ဟာ ဒုက္ခသည်စခန်း​ ၉ ရပ်ကွက် အိမ်တအိမ်မှာ ထမင်း​ဟင်း​ချက်ရာက​နေ စတင် ​လောင်ကျွမ်း​ခဲ့​တာပါ။ ထိုင်း​မီး​သတ်ကား​ ​တွေကလည်း​ ခရီး​အကွာအ​ဝေး​ကြောင့်​ ​နောက်ကျပြီး​မှ ​ရောက်လာတဲ့​အတွက် မီး​ကို အချိန်မီ မတား​ဆီး​နိုင်ဘဲ ဒုက္ခသည် ​နေအိမ်​တွေ အများ​အပြား​ မီး​ထဲပါသွား​ခဲ့​ရတာလည်း​ ဖြစ်ပါတယ်။

ရပ်ကွက် ၅ ခု​လောက် မီး​လောင်ကျွမ်း​ခဲ့​ပြီး​ အများ​စုဟာ အစ္စလာမ် ဘာသာဝင်​တွေ ​နေထိုင်တဲ့​ ရပ်ကွက်​တွေလည်း​ ဖြစ်ပါတယ်။

မီး​လောင်မှု​ကြောင့်​ လူ​သေဆုံး​မှု ရှိတယ်လို့​ မကြား​သိရ​သေး​ဘဲ က​လေး​တဦး​ ​ပျောက်ဆုံး​နေသလို ဒဏ်ရာရသူ တချို့​ ရှိတယ်လို့​ ဒုက္ခသည်​တွေကို ကူညီ​ပေး​နေတဲ့​ တီဘီဘီစီက အဖွဲ့​က ​ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013