Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ ကော့သောင်းနယ်စပ်ဂိတ်မှ ဆက်လက်ဝင်ရောက်
DVB
·
July 8, 2017
ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်လျှက်ရှိတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ ကော့သောင်းနယ်စပ်ဂိတ်ကတဆင့် ပြန်လည်ဝင်ရောက်လာတာ ၉၀၀ လောက်ရှိသွားပြီဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီး နဲ့ကလေးငယ်တွေအပါအ၀င် ဇူလိုက် ၆ ရက်နေ့ ညပိုင်းက ၁၇၉ ဦးနဲ့ ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းမှာ ၁၅၂ ဦး ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို ရောက်ရှိလာကြပြီး စုစုပေါင်း ၉၀၀ လောက်ရှိသွားပြီဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို မြို့ခံစေတနာရှင်တွေက ကူညီပံ့ပို့လှူဒါန်းပေးနေပါတယ်။ ဇူလိုင် ၆ ရက်နေ့ညက ကော့သောင်းမြို့ ပုညကုဿလ ကျောင်းတိုက်ဆရာတော်မှ ငွေကျပ် ၁၇ သိန်း ၉ သောင်းကို အလုပ်သမားတဦးလျှင် ကျပ်တစ်သောင်းနှုန်းနဲ့ လက်ရောက်ထောက်ပံ့ ပေးအပ်ပြီး အစားအသောက်နဲ့ အခြားလိုအပ်သည့် ကိစ္စတွေ စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ ဒေါက်တာတင်မောင်အေး မိသားစု (ထွန်းဆေးကုခန်း)မှ ငွေကျပ် ၁၅ သိန်းကို တာဝန်ရှိအဖွဲ့အစည်းတွေကို လှူဒါန်းပေးအပ်ခဲ့ပါတယ်။ ရောက်ရှိလာတဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက် ခရိုင်အတွင်း အလုပ် လုပ်ကိုင်နေသူများဖြစ်ပြီး မြိတ်၊ ထားဝယ် ၊ မော်လမြိုင် ၊ ပဲခူး၊ နေပြည်တော် နဲ့ ရခိုင်ပြည်နယ် တို့မှာ နေထိုင်ကြသူတွေဖြစ်ပြီး ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေဖြစ်တဲ့ FED ၊RGS ၊MNP၊ DISA အဖွဲ့တွေက ပူးပေါင်းပို့ ဆောင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ ဖူးခက်ကစားသောက်ဆိုင်မှာ လုပ်ခဲ့တဲ့ ကိုသီဟစိုးက “ထိုင်းကိုရောက်တာ ၇ နှစ်ရှိပါပြီ။ သက်သေခံဘတ်ကတ်ကလည်း သက်တန်းလွန်နေပါတယ်။ အလုပ်သမားတွေ စဖမ်းတော့ရှောင်ပြီးနေရတယ်။ အလုပ်ပြန်ဆင်း လိုက်ဖမ်းတယ်သတင်းကြားတော့ ရှောင်နေလိုက်နဲ့ နေလာတာ အခုသဌေးကလည်း တာဝန်မယူနိုင်ဘူးပြောလို့ ပြန်ပို့ပေးနေတဲ့ ပရဟိတအဖွဲ့ တွေနဲ့ဆက်သွယ်ပြီး ပြန်လာတာပါ၊ ပြန်လဲမသွားချင်တော့ပါဘူး။ ဒီမှာပဲလုပ်ကိုင်စားသောက်နေတော့မယ်” လို့ ပြောပါတယ်။ ကော့သောင်းနယ်စပ်ဂိတ်ကို ဇူလိုင် ၁ ရက်နေ့ကနေ ဇူလိုင် ၇ ရက်နေ့ထိ ဝင်ရောက်လာသူ မြန်မာအလုပ်သမား ၈၇၀ ကျော်သွားပြီလို့ လဝကစာရင်းတွေ အရ သိရပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024