Home
မြန်မာသတင်း
မလေးတွင် တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီး
DVB
·
July 7, 2017
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သွားရောက်အလုပ်လုပ်နေကြတဲ့ ပြည်ပနိုင်ငံတွေထဲက မလေးရှားနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးတွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာကြောင့် သက်သေခံ အထောက်အထား ရှိသူရော၊ မရှိသူတွေပါ အကုန်လုံးကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ သက်သေခံ အထောက်အထားကတ်ပြား ကိုင်ဆောင်ထားသူတွေကိုလည်း စစ်ဆေးပြီး မှန်ကန်ရင် ပြန်လွှတ်ပေးပြီး သက်သေခံအတု ကိုင်ဆောင်သူတွေလည်း တွေ့ရတယ်လို့ မလေးရှား တာဝန်ရှိ အာဏာပိုင်တွေက ပြောဆိုပါတယ်။ သက်သေခံကတ်ရဖို့ မှတ်ပုံတင်ထားတဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ထုတ်ပေးနေတဲ့ အီးကတ်(ခေါ်) ယာယီသက်သေခံလက်မှတ်အတု ကိုင်ဆောင်နေသူတွေကို ထိန်းသိမ်းနိုင်ဖို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက လုပ်ဆောင်နေပါတယ်။ အီးကတ်တွေ စပြီး မှတ်ပုံတင်ပေးတဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက အီးကတ်အတု ၄၀ လောက်ကို မလေးရှား လ.ဝ.က က ဖမ်းမိခဲ့တယ်လို့ မလေးရှား လ.ဝ.က ညွှန်ချုပ် ဒါတွတ်ခ်ဆရီ မူစတာဖှာ အလီက ဇူလိုင်လ ၅ ရက်နေ့မှာ ပြောပါတယ်။ ဖမ်းမိတဲ့ အင်ဒိုနီးရှားလူမျိုးတယောက်ဆီမှာ အီးကတ်အတု ၈ ကတ်ကိုင်ဆောင်ထားတာ တွေ့ရတယ်လို့ ပြောပြပါတယ်။ မလေး လ၀ကဌာနက ထုတ်ပေးထားတဲ့ အီးကတ်တွေမှာ အလုပ်ရှင်နဲ့ ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ အချက်အလက်တွေကို ထည့်သွင်းထားတဲ့ ဘိုင်အိုမက်ထရစ် စနစ်ကို အသုံးပြုထားတာကြောင့် အတုလုပ်နိုင်ဖို့ ခဲယဉ်းတယ်လို့  ညွှန်ချုပ် မူစတာဖှာက ပြောပါတယ်။ အီးကတ်အတုက ပုံစံဆင်တူပေမယ့် QR ကုဒ်နံပတ်တွေ မတူတဲ့အပြင် အလုပ်ရှင်၊ အလုပ်သမားတွေရဲ့ လက်ဗွေရာတွေလည်း ထည့်ထားတာကြောင့် ကျနော်တို့ ခွဲခြားသိရှိနိုင်ပါတယ် လို့လည်း ပြောဆိုပါတယ်။ မလေးရှားနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်၊ နိုက်ဂျီးရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ၊ နီပေါ စတဲ့ နိုင်ငံတွေက ဖြစ်ပါတယ်။ ဖမ်းမိတဲ့ တရားမ၀င်အလုပ်သမားတွေကို လ၀က ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ပြီး၊ ပြည်နှင်ဒဏ်နဲ့ သူတို့ရဲ့မိခင်နိုင်ငံတွေဆီ ပြန်ပို့မှာဖြစ်တယ် လို့ မူစတာဖှာက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024