A d v e r t i s e m e n t With Us

လူအများဆုံးပါဝင်ဆင်နွှဲသည့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး ပြုလုပ်ပြီး ဂင်းနစ်စံချိန်တင် (ရုပ်သံ)

လန်ဒန်မြို့ ဟိုက်ပတ်ခ်မှာ ဇူလိုင် ၅ ရက်နေ့က ကိုယ်ကာယကြံ့ခိုင်ရေးဆရာ ဂျိုးဝစ်ခ် ဦးဆောင်ပြီး ကမ္ဘာပေါ်မှာ လူအများဆုံး ပါဝင်ဆင်နွှဲတဲ့ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး ပြုလုပ်ကာ ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ High-Intensity Interval Training လို့ခေါ်တဲ့ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းမှာ  ပြင်းထန်တဲ့ ကာယလေ့ကျင့်ခန်းတွေပါဝင်ပြီး ကယ်လိုရီလျှော့ချခြင်း၊ ကြွက်သားတက်စေခြင်းနဲ့ ခံနိုင်ရည်စွမ်းအား မြှင့်တင်ခြင်းတို့ ပါဝင်ပါတယ်။ အဲဒီ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားပွဲမှာ လူပေါင်း ၃၈၀၄ ဦး ပါဝင်ဆင်နွှဲခဲ့ပြီး မိနစ် ၃၀ ကျော်ကြာ လေ့ကျင့်ခန်းတွေကို တခုပြီးတခု စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။ ကိုယ်ကာယကြံ့ခိုင်ရေးဆရာ ဂျိုးဝစ်ခ်က “ကျနော် အခုလိုလုပ်ရတဲ့ အကြောင်းရင်းက ကျနော်တို့ဟာ ကိုယ်လက်လှုပ်ရှားလုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားလို့ရတယ်ဆိုတာကို တတ်နိုင်သလောက် လူတွေအများကြီးကို ပြချင်လို့ပါပဲ။ လူတွေအများကြီး လာတဲ့အတွက် တကယ်ကို ဂုဏ်ယူပါတယ်။ ကျန်းမာအောင်လုပ်ဖို့ဆိုတာ ဘယ်တော့မှ နောက်မကျဘူးလို့ ကျနော်ယုံကြည်တယ်” လို့ ပြောကြားခဲ့ပါတယ်။ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားပွဲ အပြီးမှာတော့ “ကမ္ဘာပေါ်မှာ လူအများဆုံး ပါဝင်ဆင်နွှဲတဲ့အတွက် ဂျိုးဝစ်ခ်ဟာ ဂင်းနစ်မှတ်တမ်းဝင်ဆုကို ရရှိသွားခဲ့ပါတယ်။ ဂင်းနစ်မှတ်တမ်းဝင် ဂျိုးဝစ်ခ်က ကျနော် တကယ်မသိပါဘူး။ ဂင်းနစ်မှတ်တမ်းနား ကပ်လောက်မယ်ပဲ ထင်တာပါ။ ဂင်းနစ်မှတ်တမ်းက လူပေါင်း ၃၆၀၀ လေ။ ကျနော်တို့က လူပေါင်း ၂၀၀ အသာနဲ့ စံချိန်ချိုးသွားတာပါ” လို့ သူ့ ခံစားချက်ကို မျှဝေခဲ့ပါတယ်။ ဂျိုးဝစ်ခ်ဟာ ကိုယ်ကာယကြံ့ခိုင်ရေးဆရာအဖြစ် အသက်မွေးသူဖြစ်ပြီး အခုဆိုရင် အင်စတာဂရမ်မှာ သူ့နောက်လိုက်ပေါင်း ၂ သန်းနီးပါး ရှိပါတယ်။ ဂျိုးဝစ်ခ်ဟာ ချက်ပြုတ်နည်းစာအုပ်တွေကိုလည်း ထုတ်ဝေခဲ့ပြီး ဗြိတိသျှ တီဗွီရှိုးတွေမှာ ပါဝင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up