မြန်အောင် စုပေါင်းစစ်ဆေးရေးဂိတ်တွင် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းမိ
DVB
·
July 7, 2017
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်ရဲတပ်ဖွဲ့ စခန်းအပိုင် ဘန့်ဘွေးကုန်း ကျေးရွာ ပုသိမ်မုံရွာကားလမ်းမပေါ်မှာ တရားမ၀င် ပိတောက်ခွဲသားတွေ ဖမ်းဆီးမိခဲ့ပါတယ်။
ရဲတပ်ဖွဲ့၊ လဝက၊ သစ်တော၊ ထွေအုပ်အဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေ ပူးပေါင်းပြိး မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးရာက ဇူလိုင် ၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ တရားမဝင် ပိတောက်ခွဲသားတွေ ဖမ်းဆီးရမိတာပါ။
ပိတောက်ခွဲသားတွေကို မကွေးတိုင်းဒေသကြီး ဗဒန်းတောတွင်းတနေရာကနေ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းကို ပုသိမ်-မုံရွာ ကားလမ်းမအတိုင်း တင်ဆောင်တဲ့ ကန်ဒါ အဖြူခြောက်ဘီးကား ပေါ် စပါးခွံတွေနဲ့အုပ် သယ်လာတာဖြစ်ပြီး ပိတောက်ခွဲသား ၃၈ တုံး တန် ၃ တန်ကျော်ကို စစ်ဆေးဖမ်းမိတာပါ။
"ကျနော်တို့ ခု ကားနဲ့ ယာဉ်မောင်းယာဉ်နောက်ကို စစ်ဆေးနေပါတယ်။ ဥပဒေက သစ်တောဥပဒေဖြစ်တဲ့ ၄၂(ခ)၊ ကျွန်းနဲ့တားမြစ်ထားတဲ့ သစ်တောထွက်ပစ္စည်းများ သယ်ဆောင်ခြင်း ဥပဒေပုဒ်မနဲ့ အမှုဖွင့်ပြီး တရားရုံးဦးတိုက်လျှောက်ထားရမှာပါ။ သစ်ပိုင်ရှင်က ဘယ်သူ၊ ယာဉ်ပိုင်ရှင်က ဘယ်သူ၊ ဘယ်ကနေ့ ဘယ်ကိုပို့တယ်၊ ဘယ်နှခေါက်ရှိပြီ စတဲ့ အရာတွေ စစ်ဆေးမေးမြန်းနေပါတယ်” လို့ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးကျော်ဌေးက ဒီဗွီဘီ ကိုပြောပါတယ်။
"တရားခံတွေကိုတော့ စစ်ဆေးနေစဉ် ကျနော်တို့ ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး သစ်တောအဖွဲ့ကို လွှဲမှာပါ။ ခုမိတဲ့ ပိတောက်ခွဲသားတွေရဲ့ အဲဒေသတောတွင်းပေါက်ဈေး ၂၆ သိန်းကျော် ရှိပါတယ်။ မြန်အောင်မြို့နယ်မှာ ဒါပထမဆုံး ပိတောက်ခွဲသားတွေ ဖမ်းဆီးရမိတာပါ” လို့ ဒုရဲအုပ်ကျော်မင်းသူက ပြောပါတယ်။
သတင်း - သန်းထိုက်မြင့်