ဒေါ်နေရီဗဆွေ အန်အယ်လ်ဒီပါတီသို့ ကူးပြောင်း
DVB
·
February 23, 2012
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်နေရီဗဆွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဝင်အဖြစ် လျှောက်ထားရာမှ ပါတီဝင်အဖြစ် ရရှိသွားပြီ ဖြစ်ပါတယ်။
[caption id="attachment_21657" align="alignleft" width="300" caption="ဒေါ်နေရီဗဆွေ"][/caption]
ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးထက်စာရင် တိုင်းပြည်အတွက် ကြည့်ပြီးတော့ အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်သစ်အဖြစ် လျှောက်ရတာ ဖြစ်တယ်လို့ ဒေါ်နေရီဗဆွေက ပြောပါတယ်။
“အန်တီတို့က စဉ်းစားရင် နိုင်ငံက ဘာလိုလဲ၊ လူထုက ဘာလိုလဲ၊ ဒါကိုအန်တီ အမြဲတမ်း ဦးစားပေးစဉ်းစားတယ်။ အခုကြည့်လိုက်တော့ သူတို့ကလည်း မှတ်ပုံပြန်တင်တယ်။ ရွေးကောက်ပွဲ ပြန်ဝင်မယ်ဆိုတော့ တိုင်းပြည်မှာ အဘက်ဘက်က ချုံးချုံးကျနေတဲ့ ကဏ္ဍတွေကို အင်အားပြန်တောင့်တင်းဖို့ လုပ်ဖို့လိုတယ်။ နောက် ပြည်ပကလည်း မြန်မာပြည်ကို လေးစားပြီး ဂုဏ်ပြုတဲ့ အနေအထားကို မြှင့်တင်ဖို့လိုအပ်တယ်ဆိုတော့ အန်တီဒါကို မြင်တယ်။ ဘာလုပ်ပေးရင် ကောင်းမလဲဆိုတော့ နိုင်ငံရေးအရ ကောင်းတဲ့ဘက်ကို ဦးတည်နေတယ်။
အဲဒါကို အင်အားနဲ့ စုပေါင်းညီညွတ်စွာ စွဲတင်ပြီးတော့ ကောင်းတဲ့ဘက်ကိုမြန်မြန်ရောက်အောင် များများရအောင်ဆိုပြီးတော့ လုပ်သင့်တယ်ဆိုပြီး ပစ္စုပ္ပန်တည့်တည့် ဖြစ်ရပ်ပေါ်မူတည်ပြီး လုပ်သင့်တယ်ဆိုပြီးတော့ အန်တီရယ်၊ မောင်လေး နေထူးဗဆွေပါ ဆုံးဖြတ်ပြီးတော့ အန်အယ်လ်ဒီကို လျှောက်လွှာတင်လိုက်တာပါ။”
မူလပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ပါတီနုတ်ထွက်ခွင့် တောင်းခံခဲ့ရာမှာလည်း ပါတီခေါင်းဆောင်တွေက အလွယ်တကူ လက်ခံခဲ့တယ်လို့လည်း ဒေါ်နေရီဗဆွေက ပြောပါတယ်။
ဒေါ်နေရီဗဆွေဟာ လွတ်လပ်ရေးရပြီး ဖဆပလအစိုးရလက်ထက် ၀န်ကြီးချုပ် ဟောင်း ဦးဗဆွေရဲ့သမီး ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ ဦးသုဝေ ခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီနှစ် ရွေးကောက်ပွဲမှာ စမ်းချောင်းမြို့နယ်က ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာတော့ အနိုင်မရခဲ့ပါဘူး။