Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက်များ လွတ်မြောက်ရေး မန္တလေးတွင် တကိုယ်တော်ဆန္ဒပြ
Aung Aung Naing
·
July 5, 2017
တပ်မတော်က ဖမ်းဆီးထားတဲ့ သတင်းသမားတွကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဒီကနေ့ မန္တလေးမြို့မှာ အလွတ်တန်းသတင်းထောက် ကိုနန္ဒက တကိုယ်တော် ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ တကိုယ်တော် ဆန္ဒထုတ်ဖော်ပြီး တပ်မတော်အနေနဲ့  သတင်းသမားတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့နဲ့ သတင်းမီဒီယာတွေကို နည်းမျိုးစုံနဲ့ဖိနိပ်နေတာကို ရပ်တန့်ဖို့ ပိုစတာချိတ်ဆွဲပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်သူ ကိုနန္ဒက “လွတ်လပ်စွာသတင်းရယူခွင့်တွေ၊ ရေးသားခွင့်တွေ၊ မီဒီယာလွတ်လပ်ခွင့်တွေ အရမ်းဆုံးရှုံးနေတယ်၊ မီဒီယာတွေအပေါ်မှာလည်း ဆက်တိုက်ဖိနှိပ်မှုတွေ လုပ်လာတာတွေဟာ လုံးဝမလုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ အဲဒါကြောင့် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ပြောချင်ပါတယ်၊  အခုဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို အမြန်ဆုံးလွှတ်ပေးဖို့ ပြတ်ပြတ်သားသား  တောင်းဆိုပါတယ်”လို့ ပြောပါတယ်။ အလားတူ  မန္တလေးအခြေစိုက် သတင်းသမားတွေနဲ့ စာရေးဆရာတွေကလည်း  သတင်းသမားတွေ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ စာရေးဆရာ ညီပုလေးက  “မြန်မာပြည်မှာ စာနယ်ဇင်းဆရာတွေ သတင်းထောက်တွေကို တပ်မတော်က ဖမ်းဆီးအရေးယူတာဟာ  ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ထိခိုက်စေသလို အမျိုးသားရင်ကြားစေ့ရေးလုပ်နေချိန်မှာ သတင်းထောက်တွေကိုဖမ်းတာဟာ အများပြည်သူနဲ့ နိုင်ငံတကာက အာရုံစိုက်နေတဲ့ ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံကြီးကို ပြက်ရယ်ပြုသလို ခံစားမိတယ်”လို့  ပြောပါတယ်။ ချယ်နယ်မန္တလေးအေဂျင်စီက အယ်ဒီတာချုပ်ကိုမင်းဒင်ကလည်း “ကျနော်တို့ သတင်းမီဒီယာတွေအပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေက မတရားတဲ့ ပုဒ်မတွေဖြစ်တယ်၊ အဲဒါကြောင့် ကျနော်တို့ သတင်းမီဒီယာတွေအနေနဲ့ ဆက်လက်ပြီး အရှိန်အဟုန်မြှင့်တင်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုသွားမယ်”လို့ ပြောပါတယ်။ တကိုယ်တော်ဆန္ဒထုတ်ဖော်သူဟာ ၇၈ လမ်း၊ ၃၃ လမ်းမှ ၃၄လမ်းအထိ မန္တလေးမြို့တွင်း လှည့်လှည် လမ်းလျှောက်ပြီး ဖမ်းဆီးခံနေရတဲ့ ဒီဗွီဘီသတင်းထောက်တွေ အပါအဝင် သတင်းသမားတွေကို  အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024