A d v e r t i s e m e n t With Us

ကမ္ဘောဒီးယားအစိုးရက ထိုင်းနယ်စပ်ထွက်ပေါက် ၄၃ ခုကို ပိတ် (ရုပ်သံ)

ထိုင်းနိုင်ငံထဲမှာ မြန်မာပြီးရင် ဒုတိယအများဆုံး ဝင်ရောက်လုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လုပ်ကိုင်ခြင်း မရှိစေဖို့ ကမ္ဘောဒီးယားအစိုးရက ထိုင်းနယ်စပ်ထွက်ပေါက် ၄၃ ခုကို ပိတ်ထားလိုက်ပါတယ်။ ကမ္ဘောဒီးယားလူမျိုးတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို တရားမဝင် သွားရောက်လုပ်ကိုင်ရင် ဖမ်းဆီးအရေးယူခံရမှာဖြစ်လို့ ကမ္ဘောဒီးယားနိုင်ငံအနောက်ပိုင်း ဘန်ဒေမန်ကျေ့ခရိုင်က ထိုင်းနယ်စပ်ထွက်ပေါက် စုစုပေါင်း ၄၃ နေရာကို ၂၀၁၇ ဇူလိုင် ၄ ရက်နေ့ကစပြီး ပိတ်ထားမယ့်အကြောင်း ကမ္ဘောဒီးယား ဒု-ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး ဆောခိန့်က ၂၀၁၇ ဇူလိုင် ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တယ်လို့ MCOT ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဘန်ဒေမန်ကျေ့ခရိုင်ဟာ ထိုင်းနိုင်ငံအရှေ့ပိုင်း ဆာကျောက်ခရိုင်နဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီး အရန်ပထစ်၊ ခုတ်ဆုန်၊ တာဖရား စတဲ့ မြို့နယ် ၃ ခုထဲကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်နိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသို့ ဝင်ခွင့်ပိတ်ပင်ခံရတဲ့ အလုပ်သမားတွေထဲမှာ နေ့သွားညပြန် အလုပ်သမားတွေပါ ပါဝင်နေပြီး ထိုင်းအလုပ်ရှင်တွေက သူတို့ကို ကားနဲ့ နေ့စဉ် ကြိုပို့နေရာမှာ ယမန်နေ့က အလုပ်သမားတွေ လာစောင့်တာ မတွေ့ရတဲ့အတွက် အလုပ်သမားပြတ်လပ်မှု ရှိနေကြောင်း နယ်မြေထဲ ဝင်ရောက်သတင်းယူနေတဲ့ MCOT သတင်းထောက်က ပြောပါတယ်။ အခုလို နယ်စပ်ပေါက် ကန့်သတ်ပိတ်ပင်လိုက်ခြင်းအားဖြင့် ကမ္ဘောဒီးယား အလုပ်သမားတွေကိုသာ အားထားနေရတဲ့ အဲဒီဒေသက စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်မှုရှိနေတယ်လို့ ဆိုပါတယ်။ ထိုင်းဘက်ခြမ်းကနေ ကမ္ဘောဒီးယားပြန်သွားတဲ့ အလုပ်သမားတွေလည်း နေ့စဉ် ၁၀၀၀ ကျော်ရှိတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up