Home
မြန်မာသတင်း
ထိုင်းစစ်အစိုးရက တရားမ၀င်အလုပ်သမားပြစ်ဒဏ်ဆိုင်ရာ ဥပဒေကို ၆ လဆိုင်းငံ့မည်
နန်းမြနဒီ
·
July 4, 2017
  ထိုင်းနိုင်ငံရောက် တရားမ၀င်အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းဖို့အတွက် ဇွန် ၂၂ ရက်က ထုတ်ပြန်ပြီး ဇွန် ၂၃ မှာ စတင်ကျင့်သုံးခဲ့တဲ့ ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေပါ ပုဒ်မ ၄ ခုကို ၆ လကြာ ဆိုင်းငံ့ထားမယ့်အကြောင်း ထိုင်းစစ်ကောင်စီအစိုးရက ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာ ပါတယ်။ ဇူလိုင် ၄ ရက်နေ့ ထိုင်းနိုင်ငံတည်ငြိမ်အေးချမ်းရေးအဖွဲ့ ခေါ် စစ်ကောင်စီအစိုးရရဲ့ အစည်းအဝေးအပြီး ခုလိုဆုံးဖြတ်လိုက်တာလို့  စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ၀င်းထိုင်း ဆုဝါးရီးက သတင်းထောက်တွေကို ပြောပါတယ်။ ဆိုင်းငံ့ထားမယ့် အက်ဥပဒေ ပုဒ်မတွေထဲမှာ တရားမ၀င်အလုပ်သမားအပေါ် အရေးယူခြင်းဆိုင်ရာ ပုဒ်မ ၁၀၁ ၊   ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်သမားကို ခိုင်းစေတဲ့ အလုပ်ရှင်များအပေါ် အရေးယူခြင်းဆိုင်ရာ ပုဒ်မ ၁၀၂ ၊  အထောက်အထားမရှိတဲ့သူတွေကို လက်ခံထားခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂ နဲ့  ဌာနဆိုင်ရာကိုစာနဲ့ အကြောင်းကြားခြင်းမရှိဘဲ လုပ်ငန်းလုပ်ကိုင်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၉ တို့ ဖြစ်ပါတယ်။ အထက်ပါ ဥပဒေ ၄ ခုကို စစ်ကောင်စီအစိုးရလုပ်ပိုင်ခွင့် ပုဒ်မ ၄၄ နဲ့ ဆိုင်းငံ့ခဲ့တာဖြစ်ပြီး ဆိုင်းငံ့ကာလမှာ ၂၀၁၇ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၀၁၈ ဇန်န၀ါရီလ ၁ ရက်နေ့ထိ ၆ လကြာမြင့်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာအလုပ်ရှင် / အလုပ်သမားတွေအနေနဲ့  ဥပဒေဆိုင်းငံ့ထားတဲ့ ၆ လတာ ကာလအတွင်း  လိုအပ်တဲ့စာရွက်စာတမ်းအထောက်အထားမှတ်ပုံတင်တွေ ပြီးပြည့်စုံအောင် ပြန်လုပ်ရမယ်လို့လည်း  ဗိုလ်မှူးကြီး ၀င်းထိုင်း ဆုဝါးရီးက ပြောပါတယ်။ ဒါ့အပြင်  အစိုးရ၀န်ထမ်းတွေအနေနဲ့ လာဘ်စားငွေညှစ် အမြတ်ထုတ်တာတွေ  လုံးဝမပြုလုပ်ဖို့  ဒီကနေ့ အစည်းအဝေးမှာ ၀န်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက အဓိက ညွှန်ကြားခဲ့တယ်လို့ လည်းဆိုပါတယ်။ တိုင်ကြားစာအရ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်ထဲမှာ ထိုင်းဝန်ထမ်းတွေက အလုပ်သမားတွေဆီကနေ ငွေညှစ်ယူမှုတွေရှိနေတယ်ဆိုတာကို သိရှိရကြောင်း၊ ဒါကြောင့် ဒီကိစ္စကို စစ်ဆေးအရေးယူပြီး  နောက်နောင် အလားတူ ကိစ္စရပ်မျိုးထပ်မံ ပေါ်ပေါက်မှုမရှိအောင် ကြတ်မတ်ထိန်းသိမ်းဖို့  တာ့ခ်ခရိုင်ဝန်ကိုကော အမှတ် ၃ စစ်တိုင်းဒေသ တပ်ရင်းမှူးနဲ့  သက်ဆိုင်ရာကို မှာကြားသွားတယ်လို့လည်း ထိုင်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။ ဇွန် ၂၂ ရက်က ထုတ်ပြန်ခဲ့တဲ့ ဘီအီး ၂၀၁၇ အလုပ်သမားဥပဒေထဲမှာ အလုပ်သမား ဥပဒေချိုးဖောက်ရင် ဒဏ်ငွေ အနည်းဆုံးဘတ်  ၄ သိန်းမှ  ၈ သိန်းထိ  ပေးရနိုင်တာနဲ့ အာဏာပိုင်တွေက တရားမ၀င်အလုပ်သမားတွေကို  နေ့စဉ်လိုရှာဖွေဖမ်းဆီးနေတာတွေကြောင့်  မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားပေါင်း ၃ သောင်းကျော် မိခင်နိုင်ငံ ပြန်သွားခဲ့ကြပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ အလုပ်သမားပြတ်လပ်မှုပြဿနာနဲ့ ကြုံရနေရပြီး စီးပွားရေးပါ ထိခိုက်နိုင်ကြောင်း ထိုင်းနိုင်ငံလုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ အလုပ်သမား သမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကထောက်ပြပြီး ဥပဒေ ဖြေလျော့ပေးဖို့ နဲ့ ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။   (ကိုးကား - ပို့စ်ထူဒေးသတင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024