DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးမှုမှာ နောက်ဆုံးဖြစ်နေတော့ သူတို့က ကူညီပေးချင်နေကြတယ်
DVB
·
February 22, 2012
Donate to DVB

မြန်မာပြည်ကို ဘဏ္ဍာရေးအကူအညီတွေ မပေးခင်မှာ အစိုးရရဲ့ ဘဏ္ဍာရေးကဏ္ဍ၊ ဘဏ်စနစ်တွေကို ပြုပြင်ပြောင်းလဲမှုတွေအပေါ် လေ့လာ သုံးသပ်သွားမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဒီသမိုင်းဝင်ဆုံးဖြတ်ချက်ဟာ မြန်မာပြည်နဲ့ ၂၅ နှစ်တာ ဆက်ဆံရေး ဖြတ်တောက်ထားရာကနေ မြန်မာပြည်ကို စိတ်ဝင်စားမှု ပြတာဖြစ်ပြီး၊ နောက်ထပ် မြန်မာပြည်နဲ့ ဆက်ဆံရေး ဖြတ်တောက်ထားတဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေနဲ့ အကူအညီပေးမယ့် နိုင်ငံတွေကိုလည်း လမ်းဖွင့်စေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအကူအညီတွေနဲ့အတူ မြန်မာအစိုးရက အလှူရှင်နိုင်ငံတွေ ကျေနပ် လက်ခံနိုင်လောက်တဲ့ အခြေအနေ ရောက်အောင် ပြုပြင် ပြောင်းလဲရမှာတွေ ရှိနေပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်စံတွေက ဘာတွေဖြစ်မလဲ၊ မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုတွေက ဘယ်အခြေအနေအထိ ဦးတည်ဖို့ လိုအပ်မလဲ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)မှာ အမှုထမ်းခဲ့ပြီး လောလောဆယ် ကမ္ဘောဇဘဏ်ရဲ့ ဒု - ဥက္ကဋ္ဌ ဦးသန်းလွင်ကို မေးမြန်းထားပါတယ်။

“ကျနော်တို့ တိုင်းပြည်ကို ပြန်လည် တည်ဆောက်မှာပေါ့။ အဓိက လိုအပ်ချက် နှစ်ခု ရှိတယ်။ နံပါတ်တစ်က နောက်ကြောင်းပြန်ရတာပေါ့။ ကျနော်တို့က သာမန်တော့ မသွားချင်ဘူး။ ဒါပေမယ့် အတိတ်ဖြစ်ရပ်တွေက ကျနော်တို့အတွက် သင်ခန်းစာရှိတာကို၊ ကျနော်တို့ရဲ့ သမိုင်းမှာက ပြုပြင်ပြောင်းလဲမှုကို မလုပ်ခဲ့တာ၊ တပိုင်းတစလုပ်ပြီး ပြန်ရုပ်သိမ်းသွားတာ၊ နောက်ကြောင်းပြန်လှည့်သွားတာ ရှိတယ်။ ဒါလေးတွေ နောက်ပြန် မဖြစ်ဖို့ပေါ့။ ကျနော်တို့အတွက် သင်ခန်းစာပေါ့။ ဒုတိယ သင်ခန်းစာက အထူးသဖြင့် အာဆီယံနိုင်ငံတို့မှာ dialogue (အပြန်အလှန်ဆွေးနွေးခြင်း) တွေ လုပ်တော့ သူတို့လည်း မှားခဲ့တာတွေ ရှိတယ်ပေါ့။ အခက်အခဲတွေရှိတယ်။ ဒါလေးတွေကို လေ့လာပြီးတော့မှ သင်ခန်းစာ ထပ်ယူရမယ်။ ဒါတော့ ပြည်တွင်း၊ ပြည်ပပေါ့။ ကိုယ့်နိုင်ငံမှာ ဖြစ်ခဲ့တာရယ်၊ သူများနိုင်ငံမှာ ဖြစ်ခဲ့တာရယ်။ အဲ့ဒီ သင်ခန်းစာ ၂ ရပ်ကို ကျနော်တို့က ပေါင်းစပ်ပြီးတော့ သင်ခန်းစာ မယူတတ်ရင်လည်း မရဘူး။ ပြန်မှားမှာစိုးလို့။ ဟိုအရင် ဆိုရှယ်လစ်ခေတ်မှာလည်း မှားခဲ့ပြီးပြီလေ။”

အတိတ်တုန်းက ကျနော်တို့ အကြီးဆုံး မှားခဲ့တဲ့ သင်ခန်းစာက ဘယ်လို့ ပြောလို့ ရမလဲ။

“အကြီးဆုံးကတော့ ၁၉၆၃ ခုနှစ်မှာ ဘဏ်တွေ ပြည်သူပိုင်သိမ်းတာကတော့ အကြီးဆုံးအမှားပဲဗျာ။ ဘဏ်တွေ ပြိုလဲသွားတယ်။ ဘဏ်တွေ အခန်းကဏ္ဍပျောက်သွားတယ်။ အဲ့ဒီကစပြီးတော့ တိုင်းပြည်က ချွတ်ခြုံကျသွားတာ။ ဇာတ်လမ်းက အဲ့ဒီက စတာပဲလို့ ကျနော်တော့ ထင်ပါတယ်။ နောက်ပိုင်း ကုန်တိုက်တွေ၊ စက်ရုံတွေကို  ပြည်သူပိုင်သိမ်းတယ်။ ဒါက နောက် အကျိုးဆက်ပေါ့။ အခု နောက်ပိုင်းကျတော့လည်း ပြန်ဖွင့်တယ်၊ ပြန်ပိတ်တယ်။ အခုတော့ ပြန်ဖွင့်ပြီပေါ့။”

ကမ္ဘာ့ဘဏ်ကလည်း ကြာသပတေးနေ့ကပဲ မြန်မာပြည်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောတယ်။ ကျနော်တို့ဘက်က ဘယ်လိုတွေများ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆရာ ဘယ်လိုသုံးသပ်ပါလဲ။

“ကမ္ဘာ့ဘဏ်က ကျနော်တို့နဲ့ ရှင်းလင်းစရာလေးတွေ ရှိတယ်ဗျာ။ ဟိုအရင်က သူတို့ကို ပြန်ဆပ်ချိန်တန်တဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ လိုနေတယ်။ အားလုံး ပြန်ဆပ်စရာမလိုဘူး။ သူတို့က နှစ် ၅၀။ နှစ် ၅၀ ဆိုတာ မနည်းဘူးလေ။ အတိုးလည်း သိပ်ပေးစရာမလိုဘူး။ တချို့တ၀က် ပြန်ဆပ်မယ်ဆိုရင် ကမ္ဘာ့ဘဏ်နဲ့ ကျနော်တို့က ပြန်ပြီး လုပ်ကိုင်လို့ ရသွားပြီ။ တကယ်လုပ်ချင်ရင်လည်း လွယ်ပါတယ်။ သူတို့ထဲက နိုင်ငံလေးတွေက စုဆပ်ပြီး ကူညီပေးလိုက်ရင်လည်း ဖြစ်သွားမှာပါ။ နောက်ပိုင်း ရမယ့် အခွင့်အရေးက အရမ်း ကောင်းတယ်။ ကမ္ဘာ့ဘဏ်ကို မီတဲ့ အတွေ့အကြုံမျိုးကတော့ မရှိဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စထရိတ်တိုင်း(မ်) ကရေးတဲ့ ဆောင်းပါး တပုဒ်ကို ဖတ်ရတယ်။ ကျနော်တို့ဆီမှာက နိုင်ငံခြား အရန်ငွေက ၇ ဘီလီယံ လောက်ပဲ ရှိတယ်။ အကြွေးက ၁၁ ဘီလီယံလောက် ဖြစ်နေတယ်ဆိုတာလေ။

“၁၁ ဘီလီယံ ဆိုတာက ချက်ချင်း လက်ငင်းကြီး ဆပ်စရာမလိုပါဘူး။ ဥပမာ - ဂျပန်ချေးငွေ နှစ်ရှည် နှစ် ၄၀ ကျော် ဆပ်ရတာမျိုးတွေ။ ဘာမှ စိတ်ပူစရာ မလိုဘူး။ ဆပ်ချိန်တန် မဆပ်ရင် နည်းနည်း ပြန်ရှင်းလိုက်ရုံပဲ။ ဒါလည်း သူ့ဘာသာသူ ဘဲစားဘဲခြေ လုပ်ပေးလို့ ရတာမျိုးတွေ ရှိတယ်။ ဒါက မခက်ခဲဘူး။ ဂျာမနီ ကျတော့ အမှန်က ကျနော်တို့က အဆင်းရဲဆုံး နိုင်ငံဖြစ်နေတော့ ရသင့်ရထိုက်တဲ့ အကြွေးပြန်လျော်ဖို့ သူတို့က လုပ်ပြီးပြီ။ ကျနော်တို့က နိုင်ငံရေး ၀င်သွားတော့ သူတို့က မပေးဘဲ ကိုင်ထားတယ်။ အဲ့ဒါလည်း ပြန်လျော်လိုက်ရင်တော့ ကြွေးပြတ်သွားမယ်။ ပြဿာနာမရှိဘူး။ ကျန်တဲ့ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်တို့ကလည်း နည်းနည်းပါးပါး ပြန်ဆပ်လိုက်ရင် ဒါဟာ အခြား နိုင်ငံတွေရဲ့ အကူအညီတွေနဲ့ ဥပမာ- နော်ဝေတို့ ဘာတို့ ၀ိုင်းကူညီပေးရင် ဖြစ်တယ်။ ဗီယက်နမ်တုန်းကလည်း ကူညီပေးခဲ့တယ်လေ။ ဒါတွေနဲ့ ပြီးသွားနိုင်တယ်။ ချက်ချင်း ဗြုန်းကနဲ ဒိုင်းကနဲ ဆပ်စရာမလိုပါဘူး။ တချို့က နှစ် ၃၀၊ ၅၀ ဒါမျိုးတွေ ဖြစ်နေတယ်လေ။ ဒါတွေက ခွဲပြီး ဆပ်ရမှာတွေပါ စိတ်ပူစရာမလိုဘူးလေ။ တရုတ်ချေးငွေ တခုပဲ ကျနော်တို့က အချိန်တိုကာလမှာ ဆပ်ဖို့လိုတယ်။ တရုတ်ကကျတော့ မပေးဘူး။ စီးပွားရေးအရပဲဖြစ်နေတယ်။ ဒါကိုတော့ ကျနော်တို့ ပြန်ဆပ်ရမယ်။ ဂျပန်ကျတော့ ကျနော်တို့ သူတို့နဲ့ ဆက်ဆံရေး ကောင်းကောင်း အဆင်ပြေလာရင်တော့ တချို့လည်း သူလျော်ပေးမှာပါ။ ဂျပန်က ဒီလိုစိတ်မျိုးလည်း ရှိတယ်။ သူ့ရဲ့ ဥပဒေအရတော့ တချို့ ပြန်ဆပ်ရင် ဆပ်ပေးရမယ်။ ၁ ကျပ်ပေးရင် ၁၀ ပြန်ပေးတာပေါ့။ ဒါမျိုးတော့ ရှိမယ်။ ဂျပန်ကတော့ နည်းလမ်းကောင်းတယ်။ ကျနော်ကတော့ စိတ်မပူဘူး။”

ကမ္ဘာ့ဘဏ်တို့၊ အိုင်အမ်အက်(ဖ်)တို့မှာက စံနှုန်းတွေရှိမှာပေါ့။ နိုင်ငံတနိုင်ငံကို ပေးမယ်ဆိုရင် ငွေကြေးဆိုင်ရာ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ ဖွဲ့မလဲဆိုတာ သူတို့မှာ အစီအစဉ်ရှိမယ်ပေါ့။ ကျနော်တို့ဘက်မှာ ဘယ်အတိုင်းအတာအထိ ရောက်နေပြီလို့ ဆရာ ဘယ်လိုထင်လဲ။

“အခုကတော့ ကျနော်တို့ လုပ်ငန်းစဉ်ကသွားတုန်းပဲလေ။ စတာမှ မကြာသေးဘူး ၈ လ၊ ၉ လလောက်ပဲရှိဦးမယ်။ လုပ်နေတုန်းအချိန်လေ။ အခုလည်း လုပ်သင့်သလောက်တော့ လုပ်နေပါတယ်။ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှု၊ ပြောင်းလဲမှုတို့ လုပ်ရမယ်လေ။”

ကမ္ဘာ့ဘဏ်က ချေးငွေတွေလာမယ်။ ချေးငွေတွေကို ဘယ်နေရာမှာ သုံးမလဲ စသည်ဖြင့်ပေါ့လေ။ စိုးရိမ်တာတွေ ရှိတယ်ဆိုတာလည်း ပြောပါတယ်။

“ကျနော်ကတော့ စိုးရိမ်စရာ မရှိဘူး ထင်တယ်။ ကမ္ဘာ့ဘဏ်က စနစ်တကျ လုပ်တယ်လေ။ မလာခင်မှာကိုပဲ economic mission လုပ်တယ်။ project mission လုပ်တယ်။ သူက ဆင့်ကဲ ဆင့်ကဲ သွားတာ။ သူက အတော် စနစ်ကျတယ်။ အရမ်းကာရော ပေးတာမဟုတ်ဘူး။ သူက လိုအပ်တဲ့ နေရာမှာပဲ ပေးမှာပါ။ အထူးသဖြင့် ကျနော်တို့ဆို ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ပေးနိုင်တဲ့ အလားအလာတွေ ရှိတယ်။ ဒါလည်း အရမ်း လိုအပ်ချက် ရှိနေတဲ့ နေရာတွေလေ။”

လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေကတော့ အကောင်းဘက်ကို အများကြီး မျှော်လင့်တယ်လို့ ပြောရမှာပေါ့ ဆရာ။

“ကျနော်ကတော့ မျှော်လင့်တယ်။ ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုရင် နိုင်ငံတကာကလည်း ဆက်ပြီး လာကြမှာပါ။ အခုလည်း ဖွံ့ဖြိုးမှုမှာ နောက်ဆုံးဖြစ်နေတော့ နိုင်ငံတကာကလည်း ကူညီပေးချင်ကြတယ်။ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်၊ ဂျပန် စသည်ဖြင့် နိုင်ငံအလိုက်ပေါ့။ ကျနော်တို့မှာ မိတ်ဆွေတွေ အတော်များပါတယ်။ အခုမှ ပေါ်လာတာပေါ့ဗျာ။ ကျနော်တို့ စိတ်ချမ်းသာပါတယ်။ နောက်ပိုင်းကျရင်လည်း ကျနော်တို့အတွက် အခွင့်အလမ်းတွေ အတော်လေး ပေါ်ပေါက်လာမယ်လို့ ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013