ရေချိုလုပ်ငန်းဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးပွဲ ပြုလုပ်မည်
သော်ဇင်မျိုး
·
June 30, 2017
ရေချိုငါးလုပ်ငန်း ဥပဒေပြဋ္ဌာန်းနိုင်ရေး ရေလုပ်သားတွေ ပါဝင်မယ့် ခရိုင်အလိုက် ဆွေးနွေးပွဲတွေ ပြုလုပ်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။
တိုင်းအစိုးရအနေနဲ့ လွှတ်တော်မှာ ရေချိုငါးလုပ်ငန်းဥပဒေသစ် တင်သွင်းထားပါတယ်။ အဲဒီဥပဒေသစ်မှာ အရင်ဥပဒေဟောင်းမှာ မပါရှိတဲ့ ရေလုပ်သားငယ်တွေအတွက်လည်း ထည့်သွင်းရေးဆွဲထားတာပါ။
မနှစ်ကတော့ ရေလုပ်သားငယ်အစုအဖွဲ့တွေအတွက် အစုအဖွဲ့ပိုင်အင်းပေါင်း ၂၀၉ အင်း ချထားပေးခဲ့ပြီး ဒီနှစ်မှာတော့ သိန်း ၄၀ အောက်စပါး၊ ငါးပြဿနာတက်နေတဲ့ အင်းပေါင်း ၆၀၀ အထိပေးဖို့ စီစဉ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ပြောပါတယ်။
ရေလုပ်သားငယ်တွေကို အင်းတွေ ချထားပေးတာနဲ့ပတ်သတ်လို့ အင်းသားကြီးတွေက ကန့်ကွက်နေကြပြီး အသစ်ပြဋ္ဌာန်းမယ့် ရေချိုငါးလုပ်ငန်းဥပဒေကိုလည်း ကန့်ကွက်နေကြပါတယ်။
ဒါ့ကြောင့် ဥပဒေသစ်နဲ့ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးတာတွေမလုပ်ခင် ရေလုပ်သားငယ် အစုအဖွဲ့တွေ၊ အင်းသားကြီးတွေ ပါဝင်မယ့် ခရိုင်အလိုက် ဆွေးနွေးပွဲတွေ ပြုလုပ်မယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ ဆွေးနွေးပွဲက ရရှိလာတဲ့ အချက်အလက်တွေအရ လွှတ်တော်မှာ ဆွေးနွေးပြီး ဥပဒေအတည်ပြုနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။