တီအန်အယ်လ်အေစခန်းပုန်းတခုကို တပ်မတော်သိမ်းပိုက်၊ အရာရှိနှင့်စစ်သည်တချို့သေဆုံး
DVB
·
June 28, 2017
တပ်မတော်စစ်ကြောင်းတွေက တီအန်အယ်လ်အေ စခန်းပုန်းတခုနဲ့ လက်နက်/ခဲယမ်းတွေကို သိမ်းပိုက်ရရှိခဲ့ပြီး အရာရှိ၊ စစ်သည်အချို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်လန်းကျေးရွာအနီးတစ်ဝိုက် တပ်မတော်စစ်ကြောင်းတွေက ဇွန် ၂၀ ရက်မှစပြီး နယ်မြေရှင်းလင်းရာ တီအန်အယ်လ်အေအဖွဲ့ လေ့ကျင့်ရေးဆောင်ရွက်တဲ့ စခန်းပုန်းတခုကို ရှာဖွေတွေ့ရှိ ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစခန်းပုန်းနေရာမှာ သင်တန်းခန်းမဆောင်၊ ထမင်းချက်ဆောင်၊ ထမင်းစားဆောင်တွေ၊ တီအန်အယ်လ်အေ တံဆိပ်ပါ ယူနီဖောင်းတွေ၊ ဒေသန္တရတိုက်မိုင်းနဲ့ လက်လုပ်မိုင်းတွေ တွေ့ရှိရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။။
အလားတူ ဇွန် ၂၃ ရက် ကနေ ဇွန် ၂၆ ရက်အထိ ရှင်းလင်းခဲ့ရာ ထိတွေ့မှု ၅ ကြိမ် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ဖြစ်စဉ်တွေမှာ တပ်မတော်ဘက်က အရာရှိ၊ စစ်သည်အချို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။
တီအန်အယ်အေ အလောင်း ၄ လောင်း၊ အမ် ၂၂ သေနတ် ၁၂ လက်၊ စက်လက် ၁ လက်၊ ကေ ၁၂ သေနတ် ၁ လက်၊ အမ် ၂၂ ဒင်ခေါက် သေနတ် ၁ လက်၊ RPG ဒုံးသီး ၂၆ လုံး၊ ၆၀ မမ ဗုံးသီး ၁၁ လုံးနဲ့ ကျည်ဆန်တွေကိုလည်း တွေ့ရှိ သိမ်းဆည်းရရှိခဲ့တယ်လို့လည်းသိရပါတယ်။