Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်တွင် ပိုင်ရှင်မဲ့သစ်များ ဖမ်းမိ
DVB
·
June 27, 2017
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိရွာနဲ့ ဇွဲကလာရွာ ရေပြင်တို့မှာ ဇွန်လ ၂၆ ရက်နေ့က ပိတောက်သစ်တုံးတွေနဲ့ သစ်မာတွေကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။ ဘီးလင်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးအောင်က “သစ်တွေက ရွာသားတွေ အကြောင်းကြားလို့ သွားရောက်စစ်ဆေးပြီးပြီး ဇုက္ကလိဘက်ကတော့ ပိတောက် ၅၂ တုံး ရတယ်၊ ဇွဲကလာရွာဘက်မှာလည်း သစ်မာတွေ ထပ်ရတယ်။ နောက်ထပ်လည်း ရှိသေးတယ်။ ပိုင်ရှင်ကိုတော့ မမိသေးတဲ့အတွက် လောလောဆယ် သစ်တွေကို သိမ်းဆည်းထားတယ်။ ပိုင်ရှင်ကိုတော့ ဆက်လက်စုံစမ်းဆဲပါ” လို့ ပြောပါတယ်။ ဇုက္ကလိကျေးရွာနဲ့ ဇွဲကလာကျေးရွာအနီး ရေပြင်မှာ သစ်တုံးတွေ တွေ့ရှိတယ်လို့ ရွာသားတွေ သတင်းပေးချက်အရ ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘီးလင်းမြို့နယ်ဌာနဆိုင်ရာတွေ၊ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ပြီး စစ်ဆေးခဲ့ရာ ဇုက္ကလိကျေးရွာပိုင် ဘီးလင်းမြစ်အတွင်း တရားမဝင် ပိတောက်စကွဲယားတုံး ၅၂ တုံး၊ ၈ ဒသမ ၈၅၉၆ တန်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ခန့် သိမ်းဆည်းရမိထားပြီး ဇွဲကလာကျေးရွာပိုင် ကွင်းအမှတ် ၂၆၃၊ ရေပြင်မှာ ကာလတန်ဖိုး တိုင်းတာစစ်ဆေးဆဲ သစ်မာ အရွယ်မျိုးစုံ ၃၀ တုံး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ပိုင်ရှင်မဲ့သစ်တွေ သိမ်းဆည်းရမိမှုနဲ့ပတ်သက်ပြီး ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဥပဒေအရ အမှုဖွင့်လှစ်ထားခြင်းမရှိသေးဘဲ ပိုင်ရှင် ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024