Home
မြန်မာသတင်း
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ အမြတ်မရသေးဘဲ အကြွေးဆပ်နေရ
ပိုင်စိုး
·
June 27, 2017
ရခိုင်ကမ်းလွန်ဒေသကနေ တရုတ်နိုင်ငံကို ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကနေ အမြတ်မရသေးပဲ အကြွေးဆပ်နေရတုန်းပဲ ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဒု-ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။ ဇွန် ၂၆ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်တစ်ယောက်က မေးမြန်းတာကို ဖြေကြားခဲ့တာပါ။ ဒီစီမံကိန်းမှာ CNPC ကုမ္ပဏီက ၅၀.၉ ရာခိုင်နှုန်း၊ Daewoo ကုမ္ပဏီက ၂၅.၀၄၁ ရာခိုင်နှုန်း၊ ONGC ကုမ္ပဏီက ၈.၃၄၇ ရာခိုင်နှုန်း၊ GAIL ကုမ္ပဏီက ၄.၁၇၃၅ ရာခိုင်နှုန်း၊ KOGAS ကုမ္ပဏီက ၄.၁၇၃၅ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ၇.၃၆၅ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်ထားတယ်လို့ ဒု ဝန်ကြီးကပြောပါတယ်။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကနေ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက ထည့်ဝင်ထားတဲ့ ရာခိုင်နှုန်းအရ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကရရှိတဲ့ ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၁,၅၃၇,၆၇၀.၀၃ ကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကို ပေးသွင်းခဲ့တယ် လို့လည်း ဒု ဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် ပိုက်လိုင်းစီမံကိန်းကို CDB ချေးငွေ ယူရို ၈၆,၁၆၁,၈၁၉,၄၆ နဲ့ အကောင်အထည်ဖော်ခဲ့ပြီး ချေးယူငွေအတွက် အတိုးအရင်းပေါင်း ယူရို ၁၀၃,၆၄၁,၅၅၀.၃၅ ပေးဖို့ကျန်နေပြီး ဆပ်နေဆဲ ဖြစ်တာကြောင့် အမြတ်မရသေးဘူးလို့လည်း သူက ဆိုပါတယ်။ ဒါ့အပြင် အမြတ် ၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေကို ပေးဖို့ ရှမ်းပြည်နယ် လွှတ်တော်က ဆုံးဖြတ်ထားပေမယ့် ပေးဖို့ အစီမစဉ် မရှိသေးဘူးလို့လည်း ဒု ဝန်ကြီးက ဖြေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၀၊ အပိုဒ်ခွဲ (ဃ) အရ နှစ်စဉ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လိုငွေတွေအားလုံးကို ဖြည့်ဆည်းပေးရ တာကြောင့် ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီစီမံကိန်းအရ ရခိုင်ကမ်းလွန်ကနေ တစ်နှစ်ကို သဘာဝဓာတ်ငွေ့ ၁၂ ဘီလီယံ ကုဗပေနဲ့ တရုတ်နိုင်ငံကို နှစ်ပေါင်း ၃၀ ရောင်းချမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ- China Daily
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024