A d v e r t i s e m e n t With Us

၂၁ နှစ်ပြည့်မွေးနေ့တွင် မျက်နှာကို အက်ဆစ်ဖြင့် ပက်ခံခဲ့ရသည့် တက္ကသိုလ်ကျောင်းသူလေး

ဓာတ်ပုံ - ဒေးလီးမေရာ
လန်ဒန်မြို့အရှေ့ပိုင်း၊ ဘက်ခ်တန်ဒေသမှာ တက္ကသိုလ်ကျောင်းသူတဦးဟာ သူမရဲ့ အသက် ၂၁ နှစ်ပြည့် မွေးနေ့မှာ မျက်နှာကို အက်ဆစ်နဲ့ပက်ခံခဲ့ရပြီး မျက်လုံးတလုံးဆုံးရှုံးကာ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ရက်စ်ရှမ်ခန်း အမည်ရတဲ့ အဲဒီတက္ကသိုလ်ကျောင်းသူဟာ စီးပွားရေးအထူးပြု ကျောင်းသူတဦးဖြစ်ကာ အဲဒီနေ့ကတော့ ဝမ်းကွဲအစ်ကို ဂျမ်မီးလ် မတ်ခ်တာနဲ့ ကားတစီးထဲမှာ အတူရှိနေခဲ့ကြတာဖြစ်တယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီအချိန်မှာ လူတဦးရောက်ရှိလာပြီး သူတို့ကို ကားပြတင်းပေါက်မှတဆင့် အက်ဆစ်ရည်တမျိုးနဲ့ လှမ်းပက်ခဲ့ပြီး ထွက်ပြေးသွားခဲ့တာပါ။ သူတို့ဟာ ကားနဲ့ အဲဒီအမျိုးသားနောက်ကို လိုက်ခဲ့ကြပေမယ့် ကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းအနီး ခြံစည်းရိုးတခုနဲ့ တိုက်မိခဲ့ပြီး ဖမ်းမမိခဲ့ပါဘူး။ အက်ဆစ်နဲ့ အပက်ခံရမှုကြောင့် မိန်းကလေးရဲ့ မျက်လုံးတဘက် ဆုံးရှုံးကာ လောင်ကျွမ်းဒဏ်ရာတွေ ရရှိခဲ့ပြီး အနီးနားကို အကူအညီ တောင်းခံခဲ့ပါတယ်။ “ဒီအဖြစ်က တော်တော်ကို ဆိုးပါတယ်။ ကျမတို့ ကားကို ၄၅ မိနစ်လောက်မောင်းပြီး အကူအညီတောင်းခဲ့ပေမယ့် ဘယ်အရေးပေါ်ယာဉ်မှ မလာခဲ့ပါဘူး” လို့ ရက်စ်ရှမ်ခန်းက ပြောပါတယ်။ အနီးနားက မျက်မြင်တွေ့ရှိသူတွေက သူတို့ကို ဆေးရုံဆီ အရေးပေါ် ပို့ဆောင်ပေးနိုင်ဖို့ ကူညီခဲ့ကြတာဖြစ်ပြီး ဒါဟာ ဆိုးဝါးတဲ့ တိုက်ခိုက်မှုတခုဖြစ်တယ်လို့ ဆိုပါတယ်။ ရက်စ်ရှမ်ခန်းရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ နေရာတွေမှာ အက်ဆစ်လောင်ကျွမ်း ဒဏ်ရာတွေ ရရှိခဲ့ပြီး သူ့ရဲ့ ဝမ်းကွဲအစ်ကိုကတော့ သတိလစ် မေ့မျောသွားခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။ အက်ဆစ်နဲ့ပက်ပြီး တိုက်ခိုက်ခဲ့သူကတော့ ထွက်ပြေးသွားခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းမိခြင်း မရှိသေးပါဘူး။ ရက်စ်ရှမ်ခန်းက “ကျမရဲ့ဘဝဟာ အမြဲတမ်း ထပ်တူညီရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ကျမရဲ့ ခြေလက်တွေနဲ့ အာရုံခံအစိတ်အပိုင်းတွေ ရှိနေသေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ကျမရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို ကျမနှစ်သက်ပါတယ်” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up