A d v e r t i s e m e n t With Us

ကိုလံဘီယာရေလှောင်တမံတွင်း အပျော်စီးလှေတစင်းနစ်မြုပ်၊ အနည်းဆုံး ၆ ဦးသေဆုံး (ရုပ်သံ)

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းမှ ရေလှောင်တမံတခုထဲမှာ ဇွန်လ ၂၅ ရက်နေ့က အပျော်စီးလှေတစင်း နစ်မြုပ်ခဲ့လို့ လှေပေါ်ပါ ခရီးသည် အနည်းဆုံး ၆ ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ခရီးသည် ၁၃၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၆ ဦးလောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ကိုလံဘီယာနိုင်ငံ မက်ဒလင်မြို့ကနေ မိုင် ၅၀ လောက်ဝေးတဲ့ ဂွာတာပေ ရေလှောင်တမံထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး လှေပေါ်မှာ ခရီးသည် ၁၇၀ လောက် လိုက်ပါလာတာပါ။ အပျော်စီးလှေ နစ်မြုပ်ချိန်ဟာ အချိန် ၅ မိနစ်လောက်သာ ကြာခဲ့တာဖြစ်ပြီး အခင်းဖြစ်တဲ့နေရာဆီ ရဟတ်ယာဉ်တွေနဲ့ ရေငုပ်ကယ်ဆယ်ရေးသမားတွေက သွားရောက် ကယ်တင်ခဲ့ကြရတာပါ။ မူလကတော့ ဒီလှေနစ်မြုပ်မှုမှာ ၉ ဦးသေဆုံးတယ်လို့ သတင်းထွက်ခဲ့တာဖြစ်ပြီး ကိုလံဘီယာသမ္မတ ဂျူအန် မန်နျုရယ်ဆန်းတို့စ်လည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ထက်မနည်းကို ဆေးရုံပို့ဆောင်ထားခဲ့ရပြီး လှေနစ်မြုပ်တဲ့ နေရာဟာ ကမ်းနဲ့ တော်တော့်ကို နီးကပ်နေပြီဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ လူးဝစ္စ ဘာနာဒို မိုရေးလ်စ်က ပြောပါတယ်။ “ဒါဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်လား၊ လူတွေအများကြီး တင်ခဲ့လို့လား၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို လက်ရှိမှာ မသိနိုင်သေးပါဘူး။” ဒီရေလှောင်တမံဟာ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်လေ့ရှိကြတဲ့ နာမည်ကျော်နေရာတခုဖြစ်ပြီး အဲဒီနေ့ကတော့ အများပြည်သူပိတ်ရက်ဖြစ်တာမို့ လူ ပိုစည်ကားနေခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up