ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၃ ဦး ဒဏ်ရာရ
DVB
·
June 25, 2017
ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းမြို့မှာ ဒီနေ့မနက် ၁၀ နာရိလောက်က ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး ၃ ဦး ဒဏ်ရာများရရှိခဲ့တယ်လို့ ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။
ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၁၂၁/၅ နဲ့ ၁၂၁/၆ ) အကြားမှာ ရန်ကုန်ကနေ မန္တလေးကို ယာဉ်မောင်း ကျင်သောင်း မောင်းနှင်လာတဲ့ ၁၈ ဘီးတွဲးကားဟာ ပဲနွယ်ကုန်းမြို့အကွေ့ကို ချိုးကွေ့နေစဉ် မျက်နှာချင်းဆိုင်က ယာဉ်မောင်း ဦးမြင့် မောင်းနှင်လာတဲ့ ဆိုင်ကယ်က ကားရဲ့ဆီတိုင်ကီကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှာ လိုက်ပါလာတဲ့ ယာဉ်မောင်းအပါ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲ့စခန်းက ဆိုပါတယ်။
“ကားက ရန်ကုန်ဘက်ကလာတယ် ဆိုင်ကယ်သမားကလည်း ကားနဲ့မျက်နှာချင်းဆိုင်က လာတာ။ ကားကပဲနွယ်ကုန်း-ကျောက်ကြီးလမ်းကွေ့ကို ကွေ့နေတဲ့အချိန်မှာ ဆိုင်ကယ်သမားက ကားရဲ့ဆီတိုင်ကီကိုတိုကိမိပြီး မှောက်တာပေါ့ လမ်းမျက်နှာချင်းဆိုင်တိုက်တဲ့အတွက် နှစ်ယောက်လုံးကို အမှုဖွင့်ထားပါတယ်။ ဆိုင်ကယ်သမားနဲ့ နောက်ဆိုင်ကယ်ပေါ် လိုက်လာတဲ့ နှစ်ယောက် စုစုပေါင်း သုံးယောက် ဒဏ်ရာရပါတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိပါဘူး” လို့ ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦး ပြောပါတယ်။
ပဲနွယ်ကုန်း နယ်မြေရဲတပ်ဖွဲ့ စခန်းက ယာဉ်မဆင်မခြင် မောင်းနှင်တဲ့ ဦးမြင့်နဲ့ ကျင်သောင်းတို့ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၃၈ /၃၃၇ တို့နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း-ကျော်အောင် (ကညွတ်ကွင်း)