ငြိမ်းချမ်းရေးဂီတပွဲတော်မြို့ကြီး ၁၀မြို့တွင်ကျင်းပမည်
ရန်နိုင်ဇော်ဝင်း
·
June 25, 2017
ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးရည်ရွယ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ငြိမ်းချမ်းရေး ဂီတပွဲတော်ကို မြန်မာနိုင်ငံရဲ့ မြို့ကြီး၁ဝမြို့မှာ လာမယ့် ဇူလိုင်လ ကျင်းပသွားဖို့ရှိနေပါတယ်။
လူငယ်တွေငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုစိတ်ဝင်စားမှုအားနည်းတဲ့အတွက်ငြိမ်းချမ်းရေးဂီတပွဲတော်ကိုကျင်းပရတာဖြစ်တယ်လို့ ပွဲကျင်းပရေးတာဝန်ခံမြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက မနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ငြိမ်းချမ်းရေးဂီတပွဲတော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ပုသိမ်၊ လားရှိုး၊ စစ်တွေ၊နဲ့ ကလေးမြို့တွေမှာ လာမယ့် ဇူလိုင်ပထမပတ်ကနေ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ဂီတပွဲတော်မှာ သီးချင်းဆိုပြိုင်ပွဲ ပွဲစဉ်၁၇ပွဲပြိုင်သွားဖို့ရှိနေပြီး နောက်ဆုံး ဆန်ကာတင် ၃ ဦးကို ရွေးချယ်ကာ ပထမ ကျပ်သိန်း ၃၀၀၊ ဒုတိယ ကျပ် သိန်း ၂၀၀နဲ့ တတိယ သိန်း ၁၀၀ အပြင် နှစ်သိမ့်ဆု ကျပ်သိန်း ၃၀ ချီးမြှင့်ဖို့ရှိပါတယ်။
ငြိမ်းချမ်းရေးဂီတပွဲတော်ကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ စနေ၊တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသသွားဖို့ရှိနေပါတယ်။