မက္ကာတွင် ဗုံးခွဲရန်ကြံစည်သူနေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝိုင်းထားစဉ် အသေခံဗုံးခွဲ (ရုပ်သံ)

630
ဆော်ဒီနိုင်ငံ မက္ကာမြို့က ဘုရားကျောင်းတော်ကြီးမှာ အသေခံဗုံးခွဲဖို့ ကြံစည်နေသူ တယောက်ဟာ သူပုန်းအောင်းနေထိုင်ရာအိမ်ကို လုံခြုံရေးတပ်ဖွဲ့တွေ ဝိုင်းရံထားချိန် ဇွန် ၂၃ ရက်နေ့က အဲဒီအိမ်ထဲမှာပဲ အသေခံဗုံးဖောက်ခွဲသွားခဲ့တယ်လို့ ဆော်ဒီ အာရေးဘီးယား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဆော်ဒီအာရေးဘီယားတီဗွီမှာ လူနေရပ်ကွက် အဆောက်အဦတွေကြားထဲက ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦကို ပြသခဲ့ပါတယ်။
တီဗွီမှာ မြင်ရတဲ့ အပျက်အစီးတွေရဲ့ အောက်မှာ အသေခံဗုံးသမားရဲ့ ပေါက်ကွဲသွားတဲ့ အပိုင်းအစတွေရှိနေတယ်လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၆ ဦးနဲ့ လုံခြုံရေးအရာရှိ ၅ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မက္ကာမြို့တွင်းနဲ့ အနောက်ဘက်ခြမ်းမှာတည်ရှိတဲ့ ဂျက်ဒါ မြို့တွေမှာ ရှာဖွေစီးနင်းမှုတွေ ပြုလုပ်ရာကနေ အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးကို ဖမ်းဆီးရရှိထားတယ်လို့ ပြောပါတယ်။
မွတ်စလင်တို့ရဲ့ ဘာသာရေးအထွဋ်အမြတ်လ ရာမာဒမ်မှာ မြင့်မြတ်တဲ့ အွမ္မရာ (Umrah) ကျင့်စဉ်ကို ကျင့်ကြံဖို့ မက္ကာကို လာရောက်လည်ပတ်သူတွေ အမြောက်အမြားရှိတယ်လို့ သိရပါတယ်။