Live
ရေ
DVB
·
June 24, 2017
‘ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တမနက်’ ရှေးလူကြီးတွေ လက်ထက်ကတည်းက စကားပုံဟာ ယနေ့ ကျနော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်ထိ ရှိလာခဲ့ပေမယ့် ရေကို ကျနော်တို့တတွေ တန်ဖိုးထားမှု နည်းလာကြတာကို တွေ့ရပါတယ်။ ရေဟာ ကျနော်တို့ ပတ်ဝန်းကျင်မှာ သဘာဝအတိုင်း တည်ရှိနေခဲ့တဲ့ အရာတခုပါပဲ။ ကမ္ဘာကြီးရဲ့ သုံးပုံ တပုံဟာ မြေထုဖြစ်တယ်လို့လည်း ပညာရှင်များက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဆိုထားပါတယ်။ ရေဟာ ကမ္ဘာကြီး ဖြစ်တည်လာကတည်းက သဘာဝဖြစ်စဉ်တခုအဖြစ် ပေါ်ထွက်လာခဲ့တဲ့ မရှိမဖြစ်အရာပဲ ဖြစ်ပါတယ်။ အခု ကျနော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ ရေဟာ ပျက်စီးလာတဲ့ သဘာဝတရားတွေနဲ့အတူ ကျနော်တို့ကို ခြိမ်းခြောက်နေပါပြီ။ ကျနော် နေထိုင်ရာ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ် ကလေးမြို့လေးဟာ ၂၀၁၅ သြဂုတ် စက်တင်ဘာတုန်းက ချင်းတောင်ပေါ်မှာ မိုးရေချိန်လက်မ ၃၀ ထိ ရွာသွန်းခဲ့တာကြောင့် သဘာဝရေဘေးနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပါတယ်။ ကလေးမြို့ဟာ ရေချို အင်မတန်ပေါတဲ့ ဒေသတခုဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်နေတဲ့ မြို့လေးတမြို့လည်း ဖြစ်ပါတယ်။ ၂၀၁၅ ရေဘေးက စပြီး ရေဟာ ကျနော်တို့ ကလေးမြို့ရဲ့ လူနေမှုဝန်းကျင်ကို ခြိမ်းခြောက်စပြုလာခဲ့တာပဲ ဖြစ်ပါတယ်။ ရေကြီးပြီးတော့ သိပ်မကြာဘူး။ ကျနော်တို့ ကလေးမြို့ အနောက်ခြမ်း ရပ်ကွက်အချို့နဲ့ ရေဘေးကြောင့် ပြောင်းရွှေ့လာရတဲ့ ကျေးရွာတချို့မှာ သောက်သုံးရေ ပြတ်လပ်တဲ့ဒဏ် ခံခဲ့ရတယ်။ ကျနော်တို့လည်း တတ်နိုင်သလောက် ဂါလန် ၃၀၀၀ ဆံ့ ကားကြီးနဲ့ သောက်ရေ ပေးဝေရေးတွေကို ဆောင်ရွက်ခဲ့ကြရပါတယ်။ တရက်ကို သုံးခေါက်အထိ ပေးပို့ကူညီခဲ့ရပါတယ်။ ဒါက ဘာကြောင့်လဲဆိုတဲ့ အဖြေတော့ တိကျစွာ မရရှိသေးပါဘူး။ အချို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ပညာရှင်တွေ သုံးသပ်ချက်ကတော့ သဘာဝဘေးကြောင့် ချောင်းမြောင်းတွေ ရေလမ်းပြောင်းခဲ့ကြသလို မြေအောက်ရေလမ်းတွေလည်း ပြောင်းလဲခြင်း ဖြစ်ပေါ်ခဲ့တာကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ကလေးမြို့ဟာ ယခင်က ရေဘယ်လောက်ထိ ပေါသလဲဆိုရင် ကလေး အရှေ့ခြမ်းသားတွေရဲ့ ထူးခြားတဲ့ စကားတောင် ရှိခဲ့ပါတယ်။ “ရေများကွာ တူးစရာ မလိုဘူး၊ ဖနောင့်နဲ့ မြေကြီးပေါက်လိုက်ရင်တောင် ရေထွက်တယ်” “မြေထဲ စိုက်ဝင်နေတဲ့ ကျောက်ခဲကို ဆွဲလှန်လိုက် ရေထွက်တယ်” စသဖြင့် မှတ်သားခဲ့ဖူးပါတယ်။ အခုတော့ အဲ့ဒီလောက် ပေါခဲ့တဲ့ရေကို ကလေးနယ် တချို့မှာ သောက်ရေတွေ ပြတ်လပ်မှုတွေ ဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီလ သင်္ကြန်တွင်းအချိန်တုန်းက မြန်မာနိုင်ငံ အနောက်မြောက် ဦးတည်တဲ့ ရစ်ချပ်မီတာစကေး ၅ ကျော်တဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီ ငလျင်အပြီးမှာ ထူးခြားတာက ကလေးအနောက်ခြမ်း လှိုင်သာယာစက်မှုဇုန်တို့လို ရပ်ကွက်တွေမှာ ရေတွင်းတွေ ရေခန်းတာတွေနဲ့ ကြုံခဲ့ရတယ်။ အဲ့ဒီရဲ့ တစ်ဘက် ကလေးမြို့ အရှေ့ပိုင်း ရေတွင်းတချို့မှာတော့ ရေတွေ တိုးလာတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါကလည်း သဘာဝဘေးကြောင့် မြေအောက်ရေကြောင်း ပြောင်းလဲလာတဲ့ သဘောပါပဲ။ “ကျနော်တို့ ကလေးမြို့မှာ ရေတွင်းစာရင်း သေချာ စာရင်းကောက်ထားတာတော့ မရှိဘူး။ နောက်ပြီး အဝီစိရေတွင်းတူးဖော်ခြင်းနဲ့ပတ်သက်တဲ့ ဘာစည်းမျဉ်းမှ မရှိဘူး။ ရေတွင်းတူးရင် အိမ်သာနဲ့ ပေ ၅၀ အကွာ တူးရမယ်ဆိုတဲ့ စည်းမျဉ်းလောက်ပဲ ရှိတယ်။ အကြမ်းဖျင်းပြောရရင်တော့ ကလေးနယ်မှာ ရေတွင်းပေါင်း ၅၀၀ ကျော်လောက် ရှိမယ်” လို့ ကလေးမြို့ ရေမြစ်ဖြိုး ဦးစီးအရာရှိ ဦးဇော်ဇော်လွင်က ဆိုပါတယ်။ ဘယ်လို သဘာဝဘေးဒဏ်ခံရပေမယ့် ကျနော်တို့ မြို့မှာတော့ သောက်သုံးရေက ရှိနေသေးပါတယ်။ အချို့ မြန်မာနိုင်ငံ ရန်ကုန်တဖက်ကမ်းဒေသတွေမှာတောင် သောက်သုံးရေချိုတွေ ငန်လာတာမျိုးအထိ ဖြစ်ပေါ်နေပြီး ရေဟာ လူသားတွေကို သတိပေးနေပါပြီ။ မြန်မာနိုင်ငံ မိုးနည်းရပ်ဝန်းဒေသ မြေလတ်ပိုင်းရွာတွေမှာလည်း သောက်သုံးရေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါပြီ။ သို့သော် လူ့သဘောသဘာဝအတိုင်း ရှိနေသေးသမျှ တန်ဖိုးထားမှု နည်းပါးနေတာကို တွေ့နေရပါတယ်။ ကျနော်တို့ ကလေးဒေသဟာ ရေပေါတဲ့ မြို့တမြို့ဖြစ်တဲ့အလျောက် ရေကို အလျှံပယ်သုံးဖို့ အဝီစိရေတွင်းတွေကို များစွာ တူးဖော် သုံးစွဲနေကြပါတယ်။ အဲဒီရေတွင်းတွေဟာ သဘာဝအလျောက် မြေပေါ်ကို ခပ်ငင်စရာမလိုဘဲ အလိုအလျှောက် လျှံထွက်နေကြတဲ့ ရေတွင်းအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ “ခုဆိုရင် ချင်းတွင်းမြစ်ကလည်း အထက်ပိုင်း ရွှေမှော်လုပ်ငန်းတွေကြောင့် ရေထုက ညစ်ညမ်းလာတယ်။ ရေအရောင်ကကို မည်းလာတယ်။ အရင်ကဆို စိမ်းညို့နေတဲ့ တောင်တန်းကြီးတွေရဲ့ အရိပ်က ချင်းတွင်းမြစ်ရေပြင်ကြီးထဲမှာ ရေပြင်တခုလုံး စိမ်းနေတာ။ အခုတော့ ဒါတွေ ဘယ်တော့ ပြန်ရနိုင်မလဲ မသိတော့ဘူး။ တလောကဆို ရေတွေ နှောက်ကျိ မည်းတူးနေတာ မြစ်ထဲက ငါးတွေတောင် သေတယ်။ ဒါကြောင့် ဒီရေကို မသောက်ရဲတော့ဘူး။ ရေသန့်ပဲ ဝယ်သောက်ရတယ်။ မြစ်ရေက ရွှံ့တွေပါလာလို့ ချိုးတောင် မချိုးချင်တော့ဘူး” လို့ ချင်းတွင်းမြစ်ကမ်းနံဘေး ရွာလေးက ဒေသခံတွေက ပြောပါတယ်။ ချင်းတွင်းမြစ်လိုပဲ မြန်မာ့သွေးကြောကြီးဖြစ်တဲ့ မိုင်ပေါင်း ၁၃၅၀ ခန့် ရှည်လျားတဲ့ ဧရာဝတီမြစ်ကြီးကလည်း ခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒါကိုလည်း ကာကွယ်ဖို့ ပညာရှင်တွေ သုသေတနလုပ်ပြီး ဆောင်ရွက်နေကြပါတယ်။ အဲဒါအပြင် မြန်မာ့သွေးကြော ဧရာဝတီမြစ် ရှင်သန်ရေးအတွက် ဧရာဝတီမြစ်ကော်မရှင် (The Ayeyarwady River Commission – ARC) ဖွဲ့စည်းဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းဖို့ကိုလည်း လွှတ်တော်တို့ အဆင်တင်သွင်းမှုတွေလည်း ပြုခဲ့ပါတယ်။ “ကလေးမြို့လေးမှာ သောက်ရေပြတ်လို့တဲ့ သောက်ရေတွေကို လူမှုအဖွဲ့အစည်းတွေက လှူနေရတယ်ဆိုတဲ့ သတင်းတွေကြားတော့ အရမ်းအံ့သြမိတယ်။ ကျမတို့ ကလေးမြို့မှာ ဒီလောက်ရေပေါတာ ဘာလို့ ရေပြတ်ရမှာလဲဆိုပြီး ယုံတောင် မယုံခဲ့ဘူး” လို့ ကလေးဒေသကနေ ၁၀ နှစ်ကျော် ခွဲခွာပြီး တပါးအရပ်မှာ အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတဦးက ဆိုပါတယ်။ ကျနော်တို့ ၂၀၁၆-၁၇ မှာ ကလေးမြို့လေးရဲ့ ဒေသအချို့ဟာ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်လာနေပြီဆိုတာ ဒေသနေသူတွေ မျက်စိရှေ့မှာကို လက်တွေ့ မြင်နေကြရပါပြီ။ အဲဒီအတွက် ကျနော်တို့ ဘယ်လို ကာကွယ်ကြမလဲ။ ဘယ်လို ဖြေရှင်းကြမလဲ။ နောက်အနာဂတ်အတွက် ရေအခက်အခဲ နည်းနိုင်သမျှ နည်းအောင် ဘယ်လို ဆောင်ရွက်ကြမလဲ။ ရေရဲ့ စိန်ခေါ်မှုတွေကတော့ စတင်နေခဲ့ပြီပဲ ဖြစ်ပါတယ်။ “မြေအောက်ရေ ခန်းခြောက်ခြင်းဟာ သစ်တောတွေနဲ့ဆိုင်တယ်။ ဘာလို့လဲဆိုတော့ မိုးရွာတယ်။ မိုးရေဟာ မြေအောက်စိမ့်မဝင်ဘူး။ ချောင်းမြောင်းတွေကနေ ပင်လယ် သမုဒ္ဒရာထဲကိုပဲ သွားပြီး ရေငန်ဖြစ်တယ်။ မြေအောက်ရေအတွက်ကတော့ သစ်ပင်တွေကပဲ အဓိကကျတယ်။ သစ်ပင်တွေက မြေအောက်ရေကို ဆွဲစုပ်သုံးစွဲတာ ဖြစ်တဲ့အတွက် ကျနော်တို့တတွေ မြေအောက်ရေချို မပြတ်ရရှိဖို့က သစ်ပင်တွေလည်း လိုတယ်” လို့ ရေမြစ်ဖြိုး မြို့နယ်ဦးစီး ဦးဇော်ဇော်လွင်က ဆိုပြန်ပါတယ်။ အခုဆို ပြီးခဲ့တဲ့ မေလကုန်နဲ့ ဇွန်လအစရက်ကလေးက ချင်းတောင်ပေါ် မုတ်သုံမိုးကြောင့် ချင်းတောင်တန်းပေါ်က သစ်တွေ အကိုင်းအခက်တွေ ငုတ်တိုတွေဟာ တန်ပေါင်းများစွာ ရေစီးနဲ့အတူ ကလေးမြို့ကို ရောက်လာပြန်ပါတယ်။ ကလေးမြို့အနီးက ရာဇဂြိုဟ်ရေလှောင်တမံထဲမှာကို များစွာ တင်ကျန်ခဲ့ပြန်တာ တွေ့ရပါတယ်။ ၂၀၁၅ ရေဘေးတုန်းကလည်း တန်ပေါင်းထောင်ချီ ကျခဲ့ဖူးပါတယ်။ ဒါတွေကို ကြည့်ရင် သစ်တောတွေရဲ့ နာမကျန်းမှုဟာလည်း အနာဂတ်ကို အသက်ဆက်မယ့် ရေအတွက် ထိတ်လန့်ဖွယ် စိန်ခေါ်မှုတွေပဲဆိုတာ သိနိုင်နေပါပြီ။ ဒီတော့ အနာဂတ်အတွက် မြေအောက်ရေချိုကို ကျနော်တို့ ဘယ်လို ချွေတာသုံးစွဲကြမလဲ။ ဘယ်လို ရရှိအောင် ဆောင်ရွက်ကြမလဲ။ ကလေးမြို့လေးဟာ အစပိုင်းက ပြောခဲ့သလို ရေအလိုအလျောက် မြေပေါ် လျှံထွက်နေတဲ့ အဝီစိရေတွင်းတွေ ပေါလှပါတယ်။ ဒါတွေဟာ အလဟဿ အသုံးမပြုလည်း မြစ်ချောင်းထဲ ရောက်ပြီး ဆုံးရှုံးနေကြရပါတယ်။ လူသာအိပ်တာ ရေက မအိပ်ဘူး ဆိုသလို ဖြစ်နေပါတယ်။ ဒီလို ရေလျှံတွင်းတွေကို စနစ်တကျ အသုံးပြုနေတဲ့ ကျေးရွာအချို့လည်း ရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့် ရေတွင်းတွေကို ထိန်းသိမ်းတာ နည်းနေသေးတာကို တွေ့နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ရေမြစ်ဖြိုးဌာနက မြို့နယ်ဦးစီး ဦးဇော်ဇော်လွင်က “ကျနော်တို့ ရေလျှံတွင်းတွေဟာ ရေပိုက်ကနေ သုံးစွဲခြင်းမရှိလည်း ဒလေဟော ထွက်နေတယ်။ ဒါတွေကို လျှံမထွက်စေဘဲ ရေထုက ကျနော်တို့ မြေပေါ်ထက် ၁၀ လက်မ လျှံတက်တယ်ဆိုရင် အဲဒီတွင်းကို ၁၅ ပေ ပိုက်နဲ့ဆက်ပြီး ရေကို ထိန်းဖို့လိုအပ်ပါတယ်။ ရေလျှံတက် ဧရိယာရဲ့အောက်မှာ တီပိုက်လို့ခေါ်တဲ့ ရေပိုက် ပိုက်ကွေးဆက်ပြီး ရေဘဲ အဖွင့်အပိတ် တပ်ဆင်ပြီး လိုအပ်တဲ့အခါမှ ဖွင့်ပြီး မြေအောက်ရေချိုကို စနစ်တကျ သုံးစွဲဖို့ လိုအပ်တယ်” လို့ ဆိုပါတယ်။ အားဝါးရွာ ဆည်တော်ဦးနဲ့ ကျောင်းတိုက်ရွာရဲ့ စာသင်ကျောင်းတွေမှာတော့ မြေအောက်ရေလျှံတွင်းကို စနစ်တကျ ပိုက်အမြင့်တွေနဲ့ သွယ်တန်းသုံးစွဲနေတာကို တွေ့ရပါတယ်။ အဲဒီတွင်းတွေက အလှူရှင်တွေရဲ့ တွင်းတွေ ဖြစ်ပြီး လှူဒါန်းသူရဲ့ စနစ်ကျမှုကို လေးစားရပါတယ်။ ဒီတော့ ကျနော်တို့ ကလေးမြို့လေးရဲ့ အနာဂတ် မျိုးဆက်တွေအတွက် ကလေးမြို့လေးရယ် မြေအောက်ရေချိုရယ်ကို အတတ်နိုင်ဆုံး တွဲလျက် အမွေထားခဲ့နိုင်ဖို့အတွက် အဝီစိရေလျှံတွင်းတွေကို စနစ်တကျ ထိန်းသိမ်းသုံးစွဲကြရင်း သစ်ပင်တွေ စိုက်ကြစို့လို့ ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ပါရစေ။ မင်းရဲစစ်နိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024