မြင်းခြံမြို့တွင် ဆိုင်ကယ် ၁၂ စီး ခိုးယူထားသူ ၂ ဦး ဖော်ထုတ် ဖမ်းဆီးမိ
DVB
·
June 23, 2017
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ဇွန်လ ၂၀ ရက်နေ့ည ၁၀ နာရီက ဆိုင်ကယ် ၁၂ စီးကို ခိုးယူထားတဲ့ လူနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံ မြို့မရဲစခန်းက ပြောပါတယ်။
အမှတ် (၁၈) ရပ်ကွက် ဝမ်းစတား လမ်းမကြီးပေါ်မှာ မြင်းခြံမြို့အမှတ် (၁) တိုးချဲ့ရပ်ကွက်နေ ကိုယဉ်မင်းထွန်းနဲ့ အမှတ် (၃) ရပ်ကွက်နေ ကိုလမင်းထက်တို့ နှစ်ဦးကို နံပါတ်မပါတဲ့ ဆိုင်ကယ်နဲ့အတူ တွေ့လို့ စစ်ဆေးရင်း ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ခိုးမှုနဲ့ ပြစ်ဒဏ်ကျခံခဲ့ဖူးသူတွေ ဖြစ်ကြပြီး သူတို့နဲ့ ပတ်သက် ဆက်နွှယ်သူတွေကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးကို မြင်းခြံမြို့မရဲစခန်းက ခိုးမှုနဲ့ အမှုဖွင့် အရေးယူထားပါတယ်။
ဇွန်လ ၁၃ ရက်နေ့ကလည်း ကိုစန်းဗိုလ် ဆိုသူကို စစ်ဆေးမေးမြန်းချက်အရ ခိုးယူထားတဲ့ ဆိုင်ကယ် ၇ စီးကို ဖမ်းဆီးရမိခဲ့တာကြောင့် တပတ်အတွင်း ခိုးခံရတဲ့ ဆိုင်ကယ် ၁၉ စီး ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
သတင်း - ရီရီထွန်း (မြင်းခြံ)