အလွန်မြင့်မားသည့် မြေကျွံ ရေကန်ကြီးပေါ် စွန့်စား ကြိုးတန်းလမ်းလျှောက်သူများ (ရုပ်သံ)

568
ဇွန်လ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်
စွန့်စားရတာကို နှစ်သက်တဲ့ လူ ၆ ဦး အုပ်စုက လှပနှစ်သက်ဖွယ် မြေကျွံရေကန်ကြီးရဲ့အထက် အမြင့်မှာ သွယ်တန်းထားတဲ့ ၁ လက်မ လုံးပတ် ကြိုးတန်းပေါ် လမ်းလျှောက်ခဲ့ပြီး ရေကန်ရဲ့ အခြားတဖက်ကို ကူးဖြတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ခရိုအေးရှားတောင်ပိုင်းရှိ ရက်ဒ်လိတ်က်လို့ အမည်တွင်တဲ့ ရေကန်ကြီးရဲ့ အဝအထက် အရမ်းမြင့်လွန်းတဲ့နေရာမှာ သွယ်တန်းထားတဲ့ ကြိုးတန်း တဖက်စွန်းကနေ အခြားတဖက်စွန်းကို ရောက်အောင် စွန့်စားသူ ၆ ဦးက ကူးဖြတ်ခဲ့တာပါ။ သူတို့ရဲ့စွန့်စားခန်း အဆင့်ဆင့် ဒရုန်းနဲ့ ရိုက်ကူးခဲ့တဲ့ မြင်ကွင်းတွေကို ရုပ်သံထဲမှာ မြင်ရမှာပါ။
ဖြတ်ကူးခဲ့သူတွေက အော်စတီးရန်း ဖလော်ရီရန်ဇိုလာ၊ ဂျူလီယမ်မစ်တာရေရာ၊ ဖရန်စ္စကိုခရက်စ်ပို၊ အိုလစ်ဗာရော့ဘ်၊ ကွီရင်ဟာတာရစ်ခ်ျနဲ့ တက်စီဝက်ဘာတို့ ဖြစ်ပြီး သစ်တောတွေ၊ ကျောက်ဆောင်တွေ ဝန်းရံထားတဲ့ ရေကန်နက်ကြီးပေါ်က ကြိုးတန်းပေါ် ဖြတ်လျှောက်ခဲ့တာလို့ ဆိုပါတယ်။
ရုပ်သံထဲမှာ ၁ လက်မလုံးပတ်ရှိတဲ့ ကြိုးတန်းတွေပေါ် လမ်းလျှောက်သူ အများစုက ဂရုတစိုက်လျှောက်နေပေမယ့် သူတို့ထဲက စွန့်စားရတာကို ပိုနှစ်သက်သူတဦးက လမ်းတဝက်မှာ ကြိုးတန်းပေါ် လဲလျောင်းပြတာ၊ တွဲလောင်းခိုပြတာတွေ လုပ်ခဲ့ပါသေးတယ်။
အချို့တွေက ကြိုးတန်းပေါ်က ပြုတ်ကျပေမယ့် သူတို့ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ အသက်ကယ်ကြိုးတွေကြောင့် အန္တရာယ်ကင်းရှင်းခဲ့တယ်လို့ သိရပါတယ်။
ဒီရုပ်သံကို ခရိုအေးရှားဒရုန်းအဖွဲ့က မှတ်တမ်းတင် ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။
ခရိုအေးရှားတောင်ပိုင်း အီမော့စကီမြို့နားက ရက်ဒ်လိတ်က် ရေကန်ကြီးက ကျောက်သားတွေ အရည်ပျော်ရာကနေ ဖြစ်လာတဲ့ မြေကျွံရေအိုင်တခု ဖြစ်ပြီး ရေကန်ရှိ များပြားလှတဲ့ ဥမင်လိုဏ်ခေါင်းတွေ၊ အခြားရေကန်တွေနဲ့မတူ တမူ ထူးခြားလှတဲ့ ရေကန်မျက်နှာပြင်အထက်မှာ ၂၄၁ မီတာ (၇၉၁ ပေ) ကျော်ရှိ အလွန်မြင့်မားတဲ့ ကျောက်ဆောင်ကြီးတွေကြောင့် လူသိများ ထင်ရှားတယ်လို့ မေရာသတင်းမှာ ဇွန်လ ၂၁ ရက်နေ့က ရေးသားထားပါတယ်။