Home
မြန်မာသတင်း
ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့၏ ဘဏ္ဍာရေးတာဝန်ခံကို နေအိမ်၌ဖမ်းမိ
DVB
·
June 22, 2017
အကြမ်းဖက်အဖွဲ့နှစ်ခုကို ပေါင်းပြီးဖွဲ့စည်းထားတဲ့  Arakan Rohingya Salavation Army (ARSA) အဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံကို ဖမ်းဆီးရမိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဇွန် ၂၀ ရက် မနက် ၁ နာရီလောက်က  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတင်းအရ ကျွန်း ဂေါင်းကျေးရွာအား ၀င်ရောက်ရှင်းလင်းရာမှာ ARSA အဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံ မော်လ၀ီဂျီရာဘူရာမန်အား  နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မောင်တောနဲ့ ဘူးသီးတောင်ဒေသ မေယုတောင်ကြောမှာ  အကြမ်းဖက်စစ်သင်တန်းပေးတဲ့ နေရာတွေကို ဖော်ထုတ်ရမိထားပြီး ဆက်စပ်ဖော်ထုတ်ချက်တွေအရ Aqua Mul Mujahidin (AMM) နဲ့ Rohingya Nationsl Security Committee (RNSA) အဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး၂၀၁၇ မတ်၁၅ ရက်မှာ Arakan Rohingya Salavation Army (ARSA) ကို စတင်ပြောင်းလဲ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၆ အောက်တိုဘာလ  အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကို Aqua Mul Mujahidin- AMM အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး  AMMအဖွဲ့ဝင် ဟာဗစ်ဒူလာဟာ လက်ရှိမှာ ARSAအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံအဖြစ် ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ၂၀၁၆ အောက်တိုဘာလက နယ်ခြားစောင့် ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက်  လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းတာနဲ့ ကွင်းဆက် တရားခံရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအနီးမှာ လျှိုမြောင်ထဲမှာ အကြမ်းဖက် သင်တန်းပေးတဲ့ တဲလေးလုံးနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ၂၀၁၇ မတ်လ ၇ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့  ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ကြား မေယုတောင်ပေါ်မှာ အကြမ်းဖက်စခန်းလို့ ယူဆတဲ့နေရာကို ရောက်ရှိခဲ့တဲ့ ဟင်းစားရှာသူ ဒေသခံ ၂ဦး တိုက်ခိုက်ခံရလို့ တဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေရာမှာ နယ်မြေရှင်းလင်းတဲ့အခါ လူနေထိုင်တဲ့ ယာယီတဲ၊ ဆိုလာပြား၊ ဘက်ထရီအိုးနဲ့ အ၀တ်အစား၊ စားနပ်ရိက္ခာတွေကို တွေ့ရှိခဲ့ရတာပါ။ ဇွန် ၂၀ ရက်နေ့ကလည်း မေယုတောင်ပေါ်မှာ သတင်းအရရှာဖွေခဲ့တဲ့အခါ လှိုဏ်ခေါင်း ၁ခု၊ လူနေတဲ ၅ လုံး၊ လုပ်သေနတ် ၂ လက်၊ သေနတ်ပုံစံတူ သစ်သားသေနတ် အလက် ၂၀၊ ယမ်းမှုန့်ထုတ်တွေ၊ စားနပ်ရိက္ခာတွေနဲ့ အ၀တ်အစားတွေကို တွေ့ရှိခဲ့ရပြီး အဲဒီထဲမှာ အမျိုးသမီး အ၀တ်အစားတွေပါ တွေ့ရှိခဲ့ရတာပါ။ တွေ့ရှိတဲ့နေရာတွေမှာ လုံခြုံရေတပ်ဖွဲ့တွေကို ခုခံသူတွေရှိတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ၃ဦးကို အသေဖမ်းမိထားတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြောပါတယ်။ ၂၀၁၆ အောက်တိုဘာ တိုက်ခိုက်မှုတွေ မတိုင်ခင်ကတည်းက မေယုတောင်ပေါ်ကို မသင်္ကာဖွယ် ဆန်အိတ်တွေ၊ စားနပ်ရိက္ခာတွေ သယ်ဆောင်နေတာ တွေ့တယ်လို့ ဒေသခံတွေက အသိပေး ပြောကြားကြပေမယ့် အဲဒီအချိန်က အရေးယူဆောင်ရွက်မှုတွေမရှိခဲ့ဘူးလို့ ရွှေရင်အေး နတလရွာသား ဦးမောင်ထွန်းသိန်းက ပြောပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့အချိန်တုန်းက ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာ တိတိကျကျ ထုတ်ပြန်ထားတာ မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Aqua Mul Mujahidin (AMM) အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၀ ရက်နဲ့ ၂၁ ရက် မေယုတောင်ပေါ် အကြမ်းဖက်ဖခန်းကို ရှာဖွေတွေ့ရှိပြီး သတင်းထုတ်ပြန်တဲ့အခါမှသာ Arakan Rohingya Salavation Army (ARSA) အဖွဲ့ပေါ်ပေါက်နေကြောင်း ထုတ်ပြန်တာပါ။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း မေယုတောင်ကြောမှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း မနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်း ပြောပါတယ်။ မောင်တောဒေသအတွင်း အကြမ်းဖက်နည်းနဲ့ ခြိမ်းခြောက် သြဇာလွှမ်းမိုးထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ကျေးရွာဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ စာကြည့်တိုက်မှူး  အပါအ၀င် အပြစ်မဲ့ပြည်သူ ၃၄ ဦးကို  အကြမ်းဖက်သမားတွေက နည်းမျိုးစုံနဲ့သတ်ဖြတ်ခဲ့ပြီး  ၂၂ ဦးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- နခဖ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024