A d v e r t i s e m e n t With Us

ထိုင်းသူနာပြုထံမှအစာကို အကြိမ်များစွာသယ်ပြီး ရင်သွေးပြန်ကျွေးသည့် စာကလေး (ရုပ်သံ)

ထိုင်းနိုင်ငံ ရာ့ခ်ျပူရီခရိုင် ရာ့ခ်ျပူရီမြို့မှာ သူနာပြုဆရာမတဦး ခွံ့ကျွေးတဲ့အစာကို အခါခါပြန်လာယူပြီး အသိုက်ထဲက ရင်သွေးတွေကို ပြန်ကျွေးတတ်တဲ့ စာကလေးတကောင်ရဲ့ ရုပ်သံဟာ အင်တာနက်စာမျက်နှာပေါ်မှာ ရေပန်းစားနေပါတယ်။ Pii June Kub အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ဟာ အဲဒီနေ့က စက်ဘီးစီးရင်း ဆေးရုံကြီးအနီးမှာ စာကလေးတကောင်က သူနာပြုဆရာမတယောက်စီ ပျံဝဲလာပြီး  ပုခုံးပေါ်နားလိုက်၊ လက်ဝါးပေါ်နားလိုက်နဲ့ ဆရာမခွံ့ကျွေးတဲ့ ပြောင်းဖူးကိုလည်း သုံးလေးကြိမ် အချီချီ ပြန်သယ်နေလို့ တအံ့တသြနဲ့ ဗွီဒီယိုရိုက်ယူခဲ့တာလို့ ဆိုပါတယ်။ သူနာပြုဆရာမကို မေးကြည့်တဲ့အခါမှာ အဲဒီစာကလေးဟာ မွေးကင်းစအရွယ်က သစ်ပင်ပေါ်မှ ပြုတ်ကျလို့ ဆရာမက သနားပြီး ကျွေးမွေးထားကြောင်း၊ သူကြီးလာတော့ သစ်ပင်ပေါ်မှာ အသိုက်ဆောက်နေပြီး အစာကိုတော့ နေ့စဉ်လာယူကာ အသိုက်ထဲမှာရှိတဲ့ ငှက်ပေါက်စလေးတွေ ပြန်ကျွေးလေ့ရှိတယ်လို့ ပြောပါတယ်။ ဆရာမက အဲဒီစာကလေးငှက်ကို ကျောက်ချို့တေ့လို့ အမည်ပေးထားပြီး သူဟာ ဂျယ်လီမုန့်၊ ငှက်သိုက်မျှင်မလိုင်မုန့်နဲ့ ပြောင်းဖူးစေ့တွေ ကြိုက်နှစ်သက်ကြောင်း၊ မနက်ခင်း ဆရာမက အဆောင်အခန်းတံခါး ဖွင့်လိုက်တာနဲ့ အချိန်မှန် ရောက်လာတတ်သလို ဆရာမ အလုပ်လုပ်နေတဲ့ ဆေးရုံရှေ့ စားသောက်ဆိုင်ဆီလည်း ရောက်လာပြီး အစာတောင်းတတ်ကြောင်း ဆိုပါတယ်။ အဲဒီငှက်ကလေးဟာ ဆရာမကို မှတ်မိနေပြီး ဆရာမထွက်လာမယ့်အချိန်ကိုလည်း မှတ်မိနေတဲ့အတွက် တခြားစာကလေးတွေနဲ့မတူဘဲ သိတတ်၊ လိမ္မာလွန်းပြီး ချစ်စရာကောင်းလှတယ်လို့ ဆရာမက ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up