DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ထားစဉ် အစိုးရတပ်များ တိုးချဲ့ထားဟု ကေအန်ယူဆို
DVB
·
February 18, 2012
Donate to DVB

အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတို့ အကြားမှာ  အပစ်ရပ်ထားတဲ့ ကာလအတွင်းမှာ အစိုးရတပ်ဘက်က ကေအန်ယူနယ်မြေထဲကို တပ်တွေ တိုးချဲ့တာမျိုးတွေပဲ ဖြစ်နေတယ်လို့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူက ပြောပါတယ်။

လောလောဆယ် ကေအန်ယူနယ်မြေထဲမှာ အစိုးရတပ်စခန်းပေါင်း ရာနဲ့ချီပြီး ချထားပြီး ဒေသခံတွေကိုလည်း ကန့်သတ်မှုတွေ လုပ်နေတယ်လို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုစောဒေးဗစ်သာကပေါက ဒီဗွီဘီကို ပြောပါတယ်။

“အခုဆိုရင် ကျနော်တို့နယ်မှာ အပစ်ရပ်တယ်။ သူတို့တွေကို ရိက္ခာပို့ဖို့ ခွင့်ပြုတယ်။ အခုဟာက ကျနော်တို့နယ်မြေထဲလည်း လာနေသေးတယ် စခန်းပေါင်းက ၂၀၀ လောက်ရှိတယ်။ စခန်းပတ်ဝန်းကျင်ကိုက် ၂၀၀၀ လောက်ကို မ၀င်ရဘူးတို့၊ လမ်းဘေး ကိုက် ၅၀၀ မ၀င်ရဘူးတို့၊ ဒီလိုလုပ်ရင် ကျနော်တို့နယ်ခံတွေလည်း မနေတတ်တော့ဘူးလေ။ ကျနော်တို့ကပဲ လက်နက်ချသွားတဲ့ ပုံစံမျိုးလို ဖြစ်နေတယ်။”

အစိုးရနဲ့ ကေအန်ယူတို့ ဇန်န၀ါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံပြီး အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် လက်မှတ်ထိုးခဲ့စဉ်က  ကေအန်ယူဘက်က တပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ အဓမ္မခိုင်းစေမှုနဲ့ ငွေကြေးကောက်ခံမှု ရပ်ဆိုင်းရေး၊ ပြည်သူ့ဘဝ ပြန်လည် ထူထောင်ရေး စတဲ့ အချက် ၁၁ ချက်ကို တင်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ လကုန်လောက်မှာ နှစ်ဘက်ပြန်တွေ့ဖြစ်ရင် တိတိကျကျ စည်းကမ်းသတ်မှတ် ရမှာတွေ ရှိနေတယ်လို့ ပဒိုစောဒေးဗစ်သာကပေါက  ဒီဗွီဘီကို ပြောပါတယ်။

“ဘာလုပ်ရမလဲဆိုတော့ ကျနော်တို့ ပြန်ဆွေးနွေးရမှာပေါ့။ အပစ်အခတ် ရပ်စဲရေးက ဘာမှ သတ်မှတ်ချက် မရှိဘူး။ ခင်ဗျားတို့ အပစ်ရပ် ကျနော်တို့ ရိက္ခာပို့မယ်ဆိုတဲ့သဘောပဲ ရှိတယ်။ ကျနော်တင်ပြချက် အချက်တချက်က မူအားဖြင့် လက်ခံတယ်။ အဲဒါက နောက်မှ စဉ်းစားမယ်ဆိုတဲ့သဘောပေါ့။ မူအဖြစ် လက်ခံတယ် မဟုတ်ဘူးနော်။ မူအဖြစ် လက်ခံတယ်ဆိုရင် မဖြစ်မနေလုပ်မယ်ဆိုတဲ့ သဘော။ မူအားဖြင့် လက်ခံတယ်ဆိုတာကို ဒါက နှစ်ပေါက်တပေါက် ရိုက်တယ် ခေါ်တယ်။ အပစ်အခပ် ရပ်စဲရင် ခင်ဗျားတို့ ဘာလုပ်ပါ။ ကျုပ်တို့ ဘာလုပ်မယ်ပေါ့။ ပြီးမှ ကချင်ပြည်မှာ တိုက်နေတဲ့ ကိစ္စကိုလည်း ရပ်ရမှာ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်မှ ဖြစ်မယ်။ အဲဒါတွေမရပ်ရင် ကျနော်တို့ကလည်း စိတ်အေးအေးနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လို့ မရဘူး။ အပစ်အခတ် ရပ်စဲရေးကလည်း သေချာ စည်းမျဉ်းစည်းကမ်းတွေနဲ့ နှစ်ဖက် လေ့လာတာ။ နိုင်ငံတကာက၀င်ပြီး စောင့်ကြည့်တာ အဲဒီအထိကို ကျနော်က ဆန္ဒရှိတာပါ။”

လတ်တလော အပစ်ခတ်ရပ်စဲထားတဲ့ ကာလမှာ အောက်ခြေ တပ်မဟာတွေဖြစ်တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့လည်း ကေအန်ယူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အပစ်ရပ်ထားစဉ် အစိုးရတပ်များ တိုးချဲ့ထားဟု ကေအန်ယူဆို